Monday, December 31, 2018

တက္ကသိုလ်သုံးခုမှ ကျောင်းသားသုံးဦး လုယက်သတ်ဖြတ်ခံခဲ့ရပြီးနောက် စိုးရိမ်စရာ ဖြစ်လာတဲ့ မန္တလေးမြို့ လုံခြုံရေး


၂၀၁၈ ခုနှစ် ဒီဇင်ဘာလက မန္တလေးတိုင်းဒေသကြီးအတွင်းတက္ကသိုလ် အသီးသီးမှာ တက်ရောက်ပညာသင်ကြားနေကြရတဲ့ ကျောင်းသား၊ ကျောင်းသူတို့အတွက် သတင်းဆိုးတွေနဲ့ ၂၀၁၈ ကို နောက်ဆုံးနှုတ် ဆက်ခဲ့ကြရတယ်လို့ ဆိုရမှာပါ။ ဒီဇင်ဘာ တစ်လအတွင်းမှာပင် တက္ကသိုလ်နှစ်ခုမှာ တက်ရောက်ပညာသင်ကြားနေကြတဲ့ ကျောင်းသားနှစ်ဦးကို မသမာသူလူတစ်စုက လုယက်ပစ္စည်းယူပြီး လူကိုပါအသေရိုက်နှက်သတ်ဖြတ်သွားခဲ့တာ ဖြစ်ပါတယ်။ ပစ္စည်းကိုလုယူသွားရုံတင်မကဘဲ လူကိုပါ အသေသတ်သွားတာကြောင့် ကျောင်းသားထုအကြားမှာ လုံခြုံ ရေးနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေ ဖြစ်ပေါ်နေကြပါတယ်။

ပထမဖြစ်စဉ်က ရတနာပုံ Cyber City  နည်းပညာတက္ကသိုလ်မှာ သတင်းအချက်အလက်နှင့်ဆက်သွယ်ရေး ဘာသာရပ် (ICT) ဒုတိယနှစ် တက်ရောက်ပညာသင်ကြားနေတဲ့ ကျောင်းသားတစ်ဦးကို ဒီဇင်ဘာ ၆ ရက် မွန်းလွဲပိုင်းက မသမာသူလူတစ်စုက ရိုက်နှက်ဆိုင်ကယ်လုယူသွားခဲ့ပြီး ရိုက်နှက်ခံရတဲ့ဒဏ်ရာကြောင့် ဒုတိယနှစ် ကျောင်းသား ကိုထက်လင်းသန့်ဟာ ကွယ်လွန်သွားခဲ့ရပါတယ်။ ဒီဇင်ဘာ ၂၅ ရက်မှာဖြစ်ပွားခဲ့တဲ့ ဒုတိယမြောက်ဖြစ်စဉ်မှာ ရတနာပုံတက္ကသိုလ် ကုန်ထုတ်ဓာတုဗေဒ နောက်ဆုံးနှစ်ကျောင်းသား ကိုစိုးမိုးဟိန်းကို တောင်သမန်အင်းစောင်းမှာ အမည်မသိ လူငယ်လေးဦးက ဓားနဲ့ထိုးသတ်ပြီး ပစ္စည်းတွေကို လုယူထွက်ပြေးသွားခဲ့ပြီး ဓားဒဏ်ရာကြောင့် နောက်ဆုံးနှစ်ကျောင်းသား ကိုစိုးမိုးဟိန်းဟာ ကွယ်လွန်သွားခဲ့ပါတယ်။ ဒီဇင်ဘာလ အတွင်းမှာပင် တက္ကသိုလ်နှစ် ခုမှကျောင်းသားနှစ်ဦးကို မသမာသူ လူတစ်စုက ပစ္စည်းလုယူသတ်ဖြတ်မှုကြောင့် ရှေ့ဆင့်နောက်ဆင့်ဆိုသလို အချိန်မတန်ခင် ကြွေလွင့်သွားခဲ့ကြရပါတယ်။

တစ်လအတွင်းမှာ တက္ကသိုလ်နှစ်ခုက ကျောင်းသားနှစ်ဦး လုယက်သတ်ဖြတ်ခံလိုက်ရတာကြောင့် ကျောင်းသား ကျောင်းသူများအကြား၊ ကျောင်းသားမိဘများနဲ့ ဆရာ၊ ဆရာမများအပါအဝင် လုံခြုံရေးနဲ့ပတ်သက်လို့ စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်ပေါ်နေကြတာ ဖြစ်ပါတယ်။ ဘယ်အချိန်မှာ ကိုယ့်အလှည့်ကို ရောက်လာမလဲဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့အတူ သွားလာလှုပ်ရှားနေကြရတာကြောင့် သက်ဆိုင်ရာအစိုးရအဖွဲ့က လုံခြုံရေးကို ထိရောက်စွာဆောင်ရွက်ပေးစေလိုကြတာ ဖြစ်ပါတယ်။

ကျောက်ဆည်မြို့ စက်မှုလက်မှုသိပ္ပံမှ တတိယနှစ်ကျောင်းသားတစ်ဦး လုယက်ဓားထိုးခံရတဲ့ဖြစ်စဉ်က ၂၀၁၈ ခုနှစ်မှာ ကျောင်းသားလုယက်သတ်ဖြတ်ခံရမှု ဖြစ်စဉ်တွေထဲက ပထမအကြိမ်ဖြစ်ပွားခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက ကျောက်ဆည် စက်မှုလက်မှု သိပ္ပံ (GTI) တတိယနှစ်ကျောင်းသားဟာ ကျောက်ဆည်မြို့အတွင်း ဆိုင်ကယ်စီးနင်း လာစဉ်မှာ ဓားနဲ့ခုတ်ပြီးလုယက်ခံခဲ့ရတာကြောင့် သေဆုံးသွားခဲ့ရတာ ဖြစ်ပါတယ်။ ပြစ်မှုကျူးလွန်သူတွေကိုတော့ ဖမ်းဆီးရမိခဲ့ပါတယ်။ ဒီဇင်ဘာလအတွင်းဖြစ်ပွားခဲ့တဲ့ ကျောင်းသားနှစ်ဦး လုယက်သတ်ဖြတ်ခံရမှုမှာတော့ ကျူးလွန်သူတရားခံတွေအနက် ရတနာပုံဆိုက်ဘာစီးတီးက ကျောင်းသားအသတ်ခံခဲ့ရတဲ့ဖြစ်စဉ်မှာ တရားခံတွေကို ဖမ်းဆီးရမိထားပြီဖြစ်ပေမယ့် ရတနာပုံတက္ကသိုလ်ကကျောင်းသား လုယက်သတ်ဖြတ်ခံခဲ့ရတဲ့ ဖြစ်စဉ်မှာတော့ ကျူးလွန်တဲ့တရားခံတွေကို လက်ရှိအချိန်အထိ ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။

ကျောင်းသားတွေတောင်းဆိုနေတဲ့ လုံခြုံရေး

ယခုလို ကျောင်းသားတွေ လုယက်သတ်ဖြတ်ခြင်းမခံရမီအချိန်က ကျောင်းသားထုလုံခြုံရေး ကျောင်းတွင်းလုံခြုံရေးတို့အတွက် ရတနာပုံတက္ကသိုလ်မှာရှိတဲ့ ကျောင်းသားများသမဂ္ဂ(ဗကသ)က တောင်းဆို ဆန္ဒထုတ်ဖော်တာတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ ဒီဇင်ဘာလအတွင်းမှာဖြစ်ပွားခဲ့တဲ့ တက္ကသိုလ်ကျောင်းသားနှစ်ဦး လုယက်သတ်ဖြတ်ခံရတဲ့ဖြစ်စဉ်တွေဟာ ကျောင်းပရိဝုဏ်အတွင်းမှာ ဖြစ်ပွားခဲ့တာမဟုတ်ပေမယ့် ကျောင်းအနီးဝန်းကျင်တွေမှာ ဖြစ်ပွားခဲ့တာ သတိပြုရမှာဖြစ်ပါတယ်။ တက္ကသိုလ်အများစုဟာ မြို့ပြနဲ့အလှမ်းဝေးပြီး လူအသွားအလာနည်းပါးတဲ့ နေရာအများစုမှာ ရောက်ရှိနေတာ၊ ကျောင်းတွင်းအဆောင်မလုံလောက်တာ၊ မရှိတာစတဲ့ ပြဿနာတွေနဲ့ ကျောင်းသားထုတွေကြားမှာ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။ အဝေးကနေ လာရောက်ကျောင်းတက်ရတဲ့ ကျောင်းသားတွေအတွက် ကျောင်းတွင်းအဆောင်မရတဲ့အခါမှာ အပြင်မှာပဲဖြစ်သလို အဆောင်ငှားနေကြရတာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ တောင်းဆိုနေတာက ကျောင်းအတွက်လုံခြုံရေးဆောင်ရွက်ပေးဖို့။ ရတနာပုံတက္ကသိုလ်အနီးဝန်းကျင်မှာ လုံခြုံရေးလုပ်ဆောင်ပေးဖို့ တောင်းဆိုထားတာ။ ကျောင်းနားမှာက မကြာခဏ လုယက်မှုတွေဖြစ်နေတယ်။ အခု လုယက်သတ်ဖြတ်လို့ နောက်ဆုံးနှစ်ကျောင်းသား ကိုစိုးမိုးဟိန်း အသက်ဆုံးရှုံးသွားခဲ့ရပြီ။ ဒါကြောင့် ကျွန်တော်တို့မြို့ပြင်မှာရှိနေတဲ့ကျာင်းတွေကို မြို့ထဲကကျောင်းတွေနဲ့ ပေါင်းမလားပေါ့။ အခု ကျွန်တော်တို့ကျောင်းသားအသတ်ခံရတဲ့ အမှုနဲ့ပတ်သက်ပြီး စောင့်ကြည့်နေပါတယ်။ ထူးခြားမှုမရှိရင် လှုပ်ရှားမှုတွေဆက်လုပ်သွားမယ်”လို့ ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ကိုရဲမျိုးဆွေက ပြေကြားခဲ့တာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၆ ရက်က ရတနာပုံ Cyber City နည်းပညာတက္ကသိုလ်က ဒုတိယနှစ်ကျောင်းသား ရိုက်နှက်လုယက်ခံရမှုကြောင့် သေဆုံးမှုနဲ့ပတ်သက်ပြီး ကျောင်းတွင်း၊ ကျောင်းပြင်လုံခြုံရေးအတွက် ကျောင်းသားထုအကြားမှာ စိုးရိမ်စိတ်တွေရှိနေကြပါတယ်။ ဒါ့အပြင် သေဆုံးသွားတဲ့ ကျောင်းသားအတွက် အမှုမှန်အမြန်ဆုံး ဖော်ထုတ်ပေးဖို့ ကျောင်းသားခေါင်းဆောင်တွေက တိုင်းဒေသကြီးအစိုးရအဖွဲ့ထံကို တောင်းဆိုထားကြပါတယ်။

“ကျွန်တော်တို့ကျောင်းမှာ ဒီလိုဖြစ်စဉ် မဖြစ်ခင်ကတည်းက လုယက်မှုပုံစံ၊ ဆိုင်ကယ်ပျောက်တာ၊ မိန်းကလေးတွေကို လိုက်ပြီးစနောက်တာ၊ အဆင်ပြေရင် လုယက်မယ့် ပုံစံတွေ တွေ့နေရတယ်။ လူပြတ်တဲ့ နေရာမှာ ဆိုင်ကယ်နဲ့စောင့်နေတာကို သတိထားမိလို့ အမြန်မောင်းထွက်သွားတာတွေရှိလို့ သက်ဆိုင်ရာ ရဲစခန်းကို တိုင်ကြားတဲ့အခါမှာ ထိရောက်တဲ့အရေးယူဆောင်ရွက်တာ မတွေ့ရဘူး။ အဲဒီနောက်ဆက်တွဲက ဒီလို (လုယက်သတ်ဖြတ်မှု)ဖြစ်စဉ်အထိ ဖြစ်လာတယ်။ အခု ကျွန်တော်တို့ကျောင်းမှာ ဒီလိုဖြစ်သွားတော့ အားလုံးက အာရုံစိုက်မိသွားတယ်။ အခုလို ဖြစ်လာမှအရေးယူပေးမှာလား၊ တစ်နိုင်ငံလုံးလိုက်ဖြစ်ပေးရမှာလားပေါ့။ တစ်ကျောင်းတစ်ယောက်နှုန်းနဲ့ လိုက်ပြီးစတေးပေးရမှာလားဆိုတာမျိုး ဖြစ်လာတယ်” လို့ ရတနာပုံ Cyber City နည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ကိုခွန်နိုင်ပြည့်ထွန်းက ပြောကြားထားတာ ဖြစ်ပါတယ်။

“တက္ကသိုလ်ဝန်းကျင်ဆိုတာ ကျောင်းသားတွေအတွက်လုံခြုံစိတ်ချရပြီး အမြဲလတ်ဆတ်နေစေတဲ့ ပတ်ဝန်းကျင်မျိုးဖြစ်နေရမယ်။ အခုတော့ ကျွန်တော်တို့ တက္ကသိုလ်ကြီးဟာ လုံခြုံမှုမရှိပါဘူးဆိုပြီး အတန်တန် ပြောနေတောင်းဆိုနေတဲ့ကြားက ကျောင်းသားတစ်ယောက် အသက်ဆုံးရှုံးသွားရတယ်။ ဒီကိစ္စက ကိုစိုးမိုးဟိန်း တစ်ယောက်တည်း အသတ်ခံရတာတင် ဟုတ်ဘူး။ ရတနာပုံကျောင်းသားအားလုံးအတွက် အသက်အန္တရာယ် ခြိမ်းခြောက်မှုကြီးပဲ။ ဒီလိုဖြစ်ရပ်တွေ ကျောက်ဆည် GTI ကျောင်းနဲ့ ရတနာပုံ Cyber City မှာပါ ဖြစ်သွားပြီး သားကိစ္စတွေ။ ရှေ့က ကျောင်းနှစ်ကျောင်းမှာ ဖြစ်ခဲ့တာတင်မလောက်လို့ ခု ရတနာပုံကို ပါရောက်လာပြီ။

နောက်ထပ်ကျောင်းသားတွေ ကျောင်းတွေရဲ့လုံခြုံမှု၊ ဖြစ်သွားပြီးတဲ့ကျောင်းတွေမှာ နောက်ထပ်ဒါမျိုး ထပ်မဖြစ်အောင် ကာကွယ်ပေးမယ့်လုံခြုံရေး၊ ဒီဟာတွေကို တိုင်းဒေသကြီးအစိုးရအနေနဲ့  နယ်မြေလုံခြုံရေး ကို ထပ်တိုးပြီးဆောင်ရွက်ပေးဖို့ အကြီးအကျယ် လိုအပ်နေပါပြီ။ ကျောင်းသုံးကျောင်းက ကျောင်းသားသုံးယောက် အသက်သုံးချောင်း ဆုံးရှုံးပြီးနေပြီ။ ထပ်မဆုံးရှုံးပါရစေနဲ့တော့။ ကျွန်တော်တို့ကျောင်းသား ထုလုံခြုံရေးကို ဂရုစိုက်ပေးပါ တာဝန်ယူမှု၊ တာဝန်ခံမှုကင်းမဲ့တဲ့ အုပ်ချုပ်ရေးတွေကို ကျွန်တော်တို့ အတော်စိတ်ပျက်နေပါပြီ။

ကျောင်းသားထုအပေါ်မှာ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်အဝပေးပါ။ နောက်ထပ် ဒါမျိုးမဖြစ်အောင် ကြိုးစားပါမယ်ဆိုတဲ့ ကတိစကားမျိုးပေးပါ။ ရာဇဝတ်ကောင်တွေက ကျွန်တော်တို့ရှေ့ကို မျက်ဝါးထင်ထင် ရောက်နေပြီ။ ခုဒီတစ်ယောက်ပြီး နောက်ဘယ်သူလဲ။ မင်းအလှည့်လား ငါ့အလှည့်လားဆိုတဲ့ စိုးရိမ်စိတ်မျိုးတွေနဲ့ တက်နေရတဲ့ ကျောင်းပက်ဝန်းကျင်မှာ ကျွန်တော်တို့ တွေမပျော်မွေ့ပါဘူး။ ထို့အတူပဲ ကျွန်တော်တို့ မိဘတွေလည်း သူတို့သားသမီးတွေအပေါ်မှာ စိုးရိမ်မှုများစွာနဲ့ တက္ကသိုလ်နယ်မြေ ကိုလွှတ်ရတာ စိတ်မချမ်းသာကြတော့ပါဘူး။ ကိုစိုးမိုးဟိန်းသေဆုံးရခြင်းနဲ့အတူ ကျွန်တော်တို့ကျောင်းသားထု အသက်အန္တရာယ်အပေါ် ခြိမ်းခြောက်နေမှုကို တရားမျှတစွာ အမှုမှန်ပေါ်ပေါက်အောင် ဖြေရှင်းပေးဖို့နဲ့  တက္ကသိုလ်ဝန်းကျင် လုံခြုံရေးကို ထပ်တိုးဖြေရှင်းပေးဖို့ တောင်းဆိုပါတယ်” လို့ ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ကျောင်းသားထုအခွင့်အရေး ကာကွယ်ရေးကော်မတီ တာဝန်ခံဖြစ်သူ ကိုဘုန်းမြင့်ကျော်က တောင်းဆိုထားတာ ဖြစ်ပါတယ်။

ကျောင်းလုံခြုံရေးအတွက် အာဏာပိုင်များဓာတ်ပုံကို မီးရှို့ဆန္ဒပြ

ရတနာပုံ Cyber City နည်းပညာတက္ကသိုလ်ကျောင်းသားနဲ့ ရတနာပုံတက္ကသိုလ်ကျောင်းသားတို့ လုယက်သတ်ဖြတ်ခြင်း မခံရမီအချိန်ကတည်းက ကျောင်းတွင်း လုံခြုံရေး ကျောင်းသားထုလုံခြုံရေးတို့အတွက် အစိုးရက ဆောင်ရွက်ပေးဖို့အတွက် ကျောင်းသားတွေက တောင်းဆိုဆန္ဒထုတ်ဖော်ထားခဲ့ကြပြီး ဖြစ်ပါတယ်။ ထိုသို့ တောင်းဆိုခဲ့သော်လည်း ကျောင်သားတွေရဲ့ တောင်းဆိုချက်ကို အစိုးရဘက်ကထိထိ ရောက်ဆောင်ရွက်မပေးခဲ့သည့်အပြင် ကျောင်းသားတစ်ဦး လုယက်သတ်ဖြတ်ခံလိုက်ရတဲ့အတွက် ရတနာပုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ(ဗကသ) က ဒီဇင်ဘာ ၂၈ ရက်မှာ ထပ်မံဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဆန္ဒထုတ်ဖော်ရာမှာ ရတနာပုံ တက္ကသိုလ်အပါအဝင် တက္ကသိုလ်များတွင် လုံခြုံ ရေးပေးရန် ကျောင်းသားများက တောင်းဆိုခဲ့သော်လည်း လုံခြုံရေးပေးရန်ပျက်ကွက်မှုကြောင့် ယခုနောက်ဆုံး ကုန်ထုတ်ဓာတုဗေဒ နောက်ဆုံးနှစ်ကျောင်းသား ကိုစိုးမိုးဟိန်း အသတ်ခံခဲ့ရရာ ယင်းသို့ပျက်ကွက်မှုကို ဆန့်ကျင်သောအားဖြင့် အာဏာပိုင်များ၏ အသုဘအခမ်းအနားတစ်ရပ်ကို ပြုလုပ်ရခြင်းဖြစ်တယ်လို့ ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗကသ)က သတင်းထုတ်ပြန်ထားပါတယ်။

ဆန္ဒပြလှုပ်ရှားမှု အပြီးမှာတော့ ကျောင်းသားတွေကို အရပ်ဝတ် ဝတ်ဆင်ထားတဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးသွားခဲ့ပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့ ကျောင်းသားခေါင်းဆောင်သုံးဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မဖြစ်တဲ့ ပုဒ်မ ၅၀၅(ခ)၊ ငြိမ်းစုစီဥပဒေပုဒ်မ ၁၉၊ တာဝန်ဝတ္တရားနှောင့်ယှက်မှု ပုဒ်မ ၃၅၃၊ မီးရှို့ဖျက်ဆီးမှု ပုဒ်မ ၄၃၅၊ အားပေးကူညီမှု ပုဒ်မ ၁၁၄ အစရှိတဲ့ ပုဒ်မငါးခုနဲ့ အမှုဖွင့်ဖမ်းဆီးထားတယ်လို့ မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မျိုးအောင်က ပြောကြားခဲ့ပါတယ်။ ဖမ်းဆီးခံခဲ့ရတဲ့ ကျောင်းသားတွေကိုတော့ ဒီဇင်ဘာ ၂၉ ရက်မှာ ရုံးထုတ်ရမန်ယူပြီး မန္တလေး အိုးဘိုအကျဉ်းထောင်ကို ပို့ဆောင်လိုက်ပါတယ်။

ကျောင်းသားလူငယ်အချို့ ဆန္ဒထုတ်ဖော်မှုအပေါ် အမြင်အမျိုးမျိုးနဲ့ သုံးသပ်ပြောဆိုနေကြတာထက် အဓိကကျတဲ့ အကြောင်းအရာကို စနစ်တကျချဉ်းကပ်သုံးသပ်ကြည့်ဖို့တော့ လိုအပ်မှာဖြစ်ပါတယ်။ ဒီဇင်ဘာ ၂၈ ရက်က ဆန္ဒပြတဲ့နေရာမှာ ပြု လုပ်ခဲ့တဲ့လှုပ်ရှားမှုအပေါ် မနှစ်သက်ကြသူ များရှိကြသကဲ့သို့ ကျောင်းသားထုလုံခြုံရေး ကျောင်းသားထုအခွင့်အရေးအတွက် တောင်းဆိုဆန္ဒပြသည်ဟုဆိုကာ ထောက်ခံသူများလည်း ရှိနေကြပါတယ်။ ကျောင်းသားတွေတောင်းဆိုနေတာက ကျောင်းတွင်းကျောင်းပြင်မှာ ထိုက်သင့်တဲ့လုံခြုံရေး ထားရှိပေးဖို့ တောင်းဆိုနေတာဖြစ်တာကြောင့် သက်ဆိုင်ရာအစိုးရအနေနဲ့ ဘယ်လိုဖြေရှင်း ဆောင်ရွက်ပေးနိုင်မလဲ။ ကျောင်းသားကျောင်းသူတွေ ကျောင်းတက်-ကျောင်းဆင်းအတွက် သယ်ယူပို့ဆောင်ရေးစနစ်တွေ အဆောင်နေကျောင်းသားတွေအတွက် ဆောင်ရွက်ထားရှိပေးနိုင်မှု အခြေအနေ တက္ကသိုလ်အသီးသီးမှာ တက်ရောက်နေတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ့် အခြေအနေတွေ တက္ကသိုလ်တွေကို ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနိုင် မယ့်အခြေအနေတွေစတဲ့ တက္ကသိုလ်နဲ့ပတ် သက်တဲ့အကြောင်းအရာတွေ ကျောင်းသား၊ ကျောင်းသူတွေနဲ့ပတ်သက်တဲ့ ဆောင်ရွက်မယ့် အကြောင်းအရာတွေကို သက်ဆိုင်ရာ ပညာရေးဝန်ကြီးဌာန၊ ကျောင်းအာဏာပိုင်တွေနဲ့ သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းတွေက တိကျရေရာတဲ့ သတင်းထုတ်ပြန်မှုတွေ ထုတ်ပြန်ပေးသင့်ပါတယ်။ ဒီနေရာမှာ ကျောင်းသားထုလုံခြုံရေးအတွက် တောင်းဆိုနေတာနဲ့ပတ်သက်ပြီး ကျောင်းသားတစ်ယောက်ချင်းစီကို လုံခြုံရေးလိုက်ပေးနေဖို့အတွက်က မဖြစ်နိုင်ပေမယ့် နေ့ခင်းနဲ့ ညပိုင်းအချိန်ကျောင်းနဲ့ ကျောင်းပတ်ဝန်းကျင်တွေမှာ သင့်တော်တဲ့ လုံခြုံရေးထားရှိပေးနိုင်ရေးအတွက် ကျောင်းသားတွေက လိုလားနေကြတာလည်း ဖြစ်ပါတယ်။

ဒီဇင်ဘာ ၂၈ ရက်က ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗကသ) ဆန္ဒထုတ်ဖော်မှုကို သွားရောက်သတင်းရယူခဲ့တဲ့ မန္တလေးအခြေစိုက် သတင်းမီဒီယာတွေကို ရတနာပုံတက္ကသိုလ်၊ ရုက္ခဗေဒဌာန ပါမောက္ခ (ဌာနမှူး) ဒေါက်တာခင်သက်ကျော်က သတင်းသမားတွေရဲ့ တာဝန်ဝတ္တရားကို ဟန့်တားခြိမ်းခြောက်မှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ ကျောင်းသားတွေရဲ့ ဆန္ဒထုတ်ဖော်မှုကို သတင်းရယူနေကြတဲ့ သတင်းသမားတွေ ကို “ရိုက်၊ ရိုက်၊ မြှောက်ပင့်ပေးနေတဲ့ သတင်းထောက်တွေကို ရိုက်၊ စပွန်ဆာရလို့ လုပ်စားနေတာ အဲဒီကောင်တွေ၊ အဲဒီလူတွေရိုက်၊ ကလေးတွေကို မြှောက်ထိုးပင့်ကော်နဲ့ လမ်းမှားရောက်အောင် လုပ်နေတဲ့သူတွေကို ရိုက်” လို့ ပြောဆိုခဲ့မှု ရုပ်သံဗွီဒီယိုဖိုင်ဟာ လူမှုကွန်ရက်စာမျက်နှာထက်မှာ ပြန့်နှံ့ခဲ့တဲ့အပြင် သွားရောက်သတင်းရယူခဲ့တဲ့ သတင်းသမားတွေထံကလည်း ကြားသိခဲ့ရပါတယ်။

ရတနာပုံတက္ကသိုလ် ရုက္ခဗေဒဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာခင်သက်ကျော်ရဲ့ သတင်းသမားများအပေါ် ဟန့်တားခြိမ်းခြောက်ပြီး ပဋိပက္ခဖြစ်စေရန် ရည်ရွယ်လှုံ့ဆော်ပြောဆိုခဲ့ခြင်းအပေါ် မန္တလေးအခြေစိုက် သတင်းမီဒီယာသမားများက ကန့်ကွက်ရှုတ်ချခဲ့ကြပြီး ပြောဆိုခဲ့သည့် ကာယကံရှင်အနေဖြင့် ရက်သတ္တပတ်တစ်ပတ်အတွင်း တရားဝင်ဖြေရှင်းတောင်းပန်မှုမပြုလုပ်ပါက ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများထံသို့ လည်းကောင်း ဥပဒေကြောင်း အရလည်းကောင်း ဆက်လက်တိုင်ကြားသွားမည်ဖြစ်ကြောင်း မန္တလေးအခြေစိုက် သတင်းမီဒီယာသမားများက ဒီဇင်ဘာ ၂၉ ရက်မှာ သဘောထားကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ကြပြီး ရတနာပုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမောင်မောင်နိုင်ထံသို့ ပေးပို့ခဲ့ကြပါတယ်။

ကျောင်းသားထု စိုးရိမ်မှုကို ဘယ်သူဖြေရှင်းပေးမှာလဲ

၂၀၁၈ ခုနှစ် ငါးလအတွင်းမှာ တက္ကသိုလ်သုံးခုက ကျောင်းသားသုံးဦးတို့ လုယက် သတ်ဖြတ်ခံလိုက်ရတဲ့အတွက် ကျောင်းသားထုအကြားမှာ စိုးရိမ်စိတ်တွေ ကျောင်းသားမိဘတွေကြားမှာ စိုးရိမ်စိတ်တွေရှိနေကြတာ အမှန်ပဲဖြစ်ပါတယ်။ လုယက်သတ်ဖြတ် ခံခဲ့ရလို့ ကြွေလွင့်သွားခဲ့ရတဲ့ ကျောင်းသားတွေရဲ့ မိသားစုဝင်တွေမှာလည်း ဖြေမဆည် နိုင်တဲ့ဝေဒနာတွေခံစားနေကြရဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် လုယက်သတ်ဖြတ်သွားကြတဲ့ ကျူးလွန်သူတရားခံတွေကိုလည်း အမြန်ဆုံးဖမ်းဆီးပေးကြဖို့ သေဆုံးသွားခဲ့ရတဲ့ ကျောင်းသားတွေရဲ့ မိသားစုဝင်တွေနဲ့ သက်ဆိုင်ရာတက္ကသိုလ်အသီးသီးက ကျောင်းသားတွေက အမှုမှန်အမြန်ဆုံး ဖော်ထုတ်ပေးဖို့ တောင်းဆိုထားကြပါတယ်။

ရတနာပုံ Cyber City နည်းပညာတက္ကသိုလ်၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးဘာသာရပ် (ICT) ဒုတိယနှစ် တက်ရောက်ပညာသင်ကြားနေတဲ့ ကျောင်းသားတစ်ဦးကို ဒီဇင်ဘာ ၆ ရက် မွန်းလွဲပိုင်းက မသမာသူလူတစ်စုက ရိုက်နှက်ဆိုင်ကယ်လုယူသွားခဲ့ပြီး ရိုက်နှက်ခံရတဲ့ ဒဏ်ရာကြောင့် ဒုတိယနှစ် ကျောင်းသား ကိုထက်လင်းသန့် ကွယ်လွန်သွားခဲ့တဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အမှုမှန်အမြန်ဆုံး ဖော်ထုတ်ပေးရန်၊ ကျောင်းသားသုံးဦး လုယက်အသတ်ခံရမှုအပေါ် ကျောင်းသားတွေ တောင်းဆိုထားတဲ့ ကျောင်းအနီးဝန်ကျင်မှာ လုံးခြုံရေးကို အလေးထားဆောင်ရွက်ပေးဖို့ အခြားတက္ကသိုလ်များ၏ တောင်းဆိုချက်များကိုလည်း ဆောင်ရွက်ပေးစေလိုကြောင်း အစရှိတဲ့ ကျောင်းသားထုတောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး ဒီဇင်ဘာ ၂၉ ရက်မှာ ရတနာပုံ Cyber City နည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ရတနာပုံ Cyber City နည်းပညာတက္ကသိုလ်က ကျောင်းသားတစ်ဦး လုယက်သတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး “ပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုပေါင်း လက်မှတ်ရေးထိုးပြီး နိုင်ငံတော်သမ္မတထံကို ပေးပို့တိုင်ကြားစာနဲ့ပတ်သက်လို့ ဒီဇင်ဘာ ၂၉ ရက်မှာ သမ္မတရုံးကညွှန်ကြားချက်နဲ့ တက္ကသိုလ်စည်းဝေးခန်းမ၌ မြို့နယ်ရဲတပ်ဖွဲ့မှူး နှင့် အဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပြီး အမှုနဲ့ ပတ်သက်ပြီး တင်ပြတိုင်ကြားချက်များအပေါ် မေးမြန်းမှုများကို ဆရာ၊ ဆရာမများနဲ့ ကျောင်းသားကျောင်းသူများက ထွက်ဆို ပေးခဲ့ကြသည့်အပြင် ထပ်မံပြီးတင်ပြ တောင်းဆိုမှုများလုပ်ဆောင်ခဲ့ကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း မတူညီသောတက္ကသိုလ်များမှ ကျောင်းသားသုံးဦး လုယက် အသက်ခံရမှုနှင့်ပတ်သက်၍ တက္ကသိုလ်များ၏ ဝန်းကျင်လုံခြုံရေးအား အလေးထားဆောင်ရွက်ပေးရန်၊ မိမိတို့တက္ကသိုလ်မှ တင်ပြချက်များအား ဆောင်ရွက်ပေးသကဲ့သို့ အခြားတက္ကသိုလ်များ၏ တောင်းဆိုချက်များကိုပါ ဖြည့်ဆည်းဆောင်ရွက်ပေးစေလိုပါကြောင်း တင်ပြတောင်းဆိုခဲ့ကြောင်း၊ အမှုကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်နေသည်များကို မေးမြန်းရာ တရားခံတစ်ဦး ကျန်ရှိသေးကြောင်း၊ အဓိက တရားခံများအား ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း၊ စွဲချက်အား ၇-၁-၂၀၁၉ရက်တွင် ခရိုင်တရားရုံးတွင် တရားစွဲသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။ ယခုထွက်ဆိုထားသော ထွက်ဆိုချက်နှင့် တောင်းဆိုချက်များကိုလည်း နိုင်ငံတော်သမ္မတထံသို့ ဆက်လက်တင်ပြဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ပါသည်” လို့ ရတနာပုံ Cyber City နည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ဒီဇင်ဘာ ၂၉ ရက်မှာ သတင်းထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ရတနာပုံတက္ကသိုလ် ကုန်ထုတ်ဓာတုဗေဒ အထူးပြုဘာသာရပ်က နောက်ဆုံးနှစ်ကျောင်းသား ကိုစိုးမိုးဟိန်းကို တောင်သမန် အင်းစောင်းမှာ အမည်မသိလူငယ်လေးဦးက ဓားနဲ့ထိုးသတ်ပြီးပစ္စည်းတွေကို လုယူ    ထွက်ပြေးသွားမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီး အမရပူရမဲဆန္ဒနယ် အမှတ်(၂)က တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဆွေက အမှုမှန်အမြန်ဆုံး ပေါ်ပေါက်စေရေးအတွက် ရဲတပ်ဖွဲ့ကို တောင်းဆိုထားပြီး ကျောင်းသားများရဲ့လုံခြုံ ရေးအတွက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆောင်ရွက်ပေးနေကြောင်း ပြောဆိုခဲ့ပါတယ်။

“အများပြည်သူလုံခြုံရေးနဲ့ပတ်သက်ပြီး ကျွန်တော်တို့က လွှတ်တော်မှာ တင်ပြထားတာတွေရှိတယ်။ ကျောင်းသားတွေမှာက ကျောင်းတွင်းအဆောင်မလုံလောက်တာကတော့ အမှန်ပဲဗျ။ သူတို့မှာအပြင် ဆောင်တွေမှာ နေနေရတယ်။ အချို့ကတော့ ကျောင်းတွင်းမှာနေကြတယ်။ ကျောင်းတွင်း အဆောင်အတွက်ကလည်း ဘတ်ဂျက်ကလည်း ရှိသေးတယ်။ ကျောင်းသားတွေဘက်က လုံခြုံရေးအတွက် စိုးရိမ်တယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမဲ့ ဝန်ကြီးချုပ်ကလည်း လုံခြုံရေးတွေလုပ်နေပါတယ်။ CCTV ကင်မရာတွေတပ်ပြီး လုံခြုံရေးအတွက် လုပ်ဆောင်နေတယ်။ ကျွန်တော်တို့လွှတ်တော်ပိုင်းကတော့ ပြည်သူတွေရဲ့ လိုအပ်ချက်ကို အစိုးရအပ်ါမှာ မေးခွန်း၊ အဆိုတွေနဲ့ တတ်နိုင်တာပေါ့။ အဲဒါတွေနဲ့ တိုက်တွန်းရမှာပေါ့” လို့ မန္တလေးတိုင်းဒေသကြီး အမရပူရမဲဆန္ဒနယ် အမှတ်(၂)က တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဆွေက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အမရပူရမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ရဲ့ ပြောကြားချက်တွေ အပေါ်ကိုတော့ ကျောင်းသားတွေမျှော်လင့်တောင်းဆိုထားချက်တွေနဲ့ ဘယ်လောက်အထိ ထပ်တူကျ နိုင်မလဲ ဆိုတာ ဆက်လက်စောင့်ကြည့်သွား ရဦးမှာ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် နောက်ဆုံးနှုတ်ဆက်လ ဖြစ်တဲ့ ဒီဇင်ဘာလဟာ တက္ကသိုလ်အသီးသီး မှာတက်ရောက်ပညာသင် ကြားနေကြရတဲ့ ကျောင်းသားကျောင်းသူတွေအတွက် သတင်းဆိုးတွေနဲ့ နောက်ဆုံးနှုတ်ဆက်ခဲ့ ကြရပြီး ကြေကွဲဝမ်းနည်းစွာနဲ့ ၂၀၁၉ နှစ်သစ်ကို ကြိုဆိုခဲ့ရတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဒီဇင်ဘာ တစ်လအတွင်းမှာပင် တက္ကသိုလ်နှစ်ခုမှာ တက်ရောက်ပညာ သင်ကြားနေကြတဲ့ ကျောင်းသားနှစ်ဦးကို မသမာသူလူတစ်စုက လုယက်ပစ္စည်းယူပြီး လူကိုပါအသေသတ်ဖြတ်သွားခဲ့တာ ဖြစ်ပါတယ်။ ပစ္စည်းကိုလုယူသွား ယုံတင်မကပဲ လူကိုပါအသေသတ်သွားတာကြောင့် ကျောင်းသားထုအကြားမှာ လုံခြုံရေးနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ကြပြီး သက်ဆိုင်ရာအာဏာပိုင်များကို ကျောင်းသားထုလုံခြုံရေးအတွက် တောင်းဆိုမှုတွေ ဆက်တိုက်ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

ထိရောက်မှုမရှိခဲ့သည့် တရားဥပဒေစိုးမိုးရေး

မန္တလေးခရိုင်အတွင်း ဓားခုတ် လုယက်မှု၊ ဓားပြမှု၊ လူသတ်မှု၊ ခိုးမှုအပါအဝင် အမှုအခင်းကြီးတွေ လျော့နည်းကျဆင်းစေဖို့အတွက် တိုင်းဒေသကြီးရဲတပ်ဖွဲ့က ဇွန် ၂၅ ရက်ကစတင်ပြီး ရက်ပေါင်း ၉၀ သိန်းငှက်စစ်ဆင်ရေး သတ်မှတ်လုပ်ဆောင်ခဲ့ပြီး သတ်မှတ်ရက်ပြည့်သွားခဲ့ချိန်မှာလည်း မူခင်းကျဆင်းရေးအတွက် သက်တမ်းထပ်မံတိုးပြီး ဆောင်ရွက်ခဲ့တာ တွေ့ရပါတယ်။ မှုခင်းမဖြစ်ပွားဖို့ ကြိုတင်ကာကွယ်ရေးအတွက် ကြိုးစားဆောင်ရွက်နေကြတာကို မဖြစ်မနေအသိမှတ်ပြုရမှာ ဖြစ်ပါတယ်။ သို့သော်လည်း ရဲတပ်ဖွဲ့ရဲ့ ပြည်သူလူထုအပေါ်မှာ လုံခြုံရေးကို လွှမ်းခြုံဆောင်ရွက်ပေးနိုင်တဲ့ ပမာဏကတော့ တပ်ဖွဲ့ဝင်အင်အား နည်းပါးနေဆဲ ဖြစ်ပါတယ်။ ရာဇဝတ်မှုကျူးလွန်မယ့် သူတွေဆိုတာကလည်း လုံခြုံရေး အင်အားနည်းတာ၊ လစ်လပ်နေတာကို အမြဲတမ်းအခွင့်ကောင်းယူ ချောင်းမြောင်းနေသူတွေ ဖြစ်ပါတယ်။ ဒါကြောင့် လုံခြုံရေးလစ်လပ်နေတဲ့ နေရာတွေမှာတော့ မှုခင်းတွေက ဆက်လက်ဖြစ်ပွားနေတယ်ဆိုတာကိုတော့ ငြင်းလို့မရပါဘူး။

မန္တလေးခရိုင်အတွင်းမှာ ဖြစ်ပွားနေတဲ့ မှုခင်းဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော် အဌမပုံမှန်အစည်းအဝေးမှာ “အများ ပြည်သူများ လုံခြုံစိတ်ချစွာ သွားလာနိုင်ရေးနှင့် ခိုးမှု၊ လုယက်မှု၊ မုဒိမ်းမှုများ လျော့နည်းပပျောက်စေရေးအတွက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ အထူးအလေးပေးဆောင်ရွက်ရန် တိုက်တွန်းကြောင်း” အဆိုကို ချမ်းမြသာစည်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ဦးတင်အောင်က တင်သွင်းခဲ့ပါတယ်။ အဲဒီအဆိုနဲ့ ပတ်သက်ပြီး ဆွေးနွေးရာမှာ တပ်မတော်သား ကိုယ်စားလှယ်တစ်ဦးက အဆိုကိုမှတ်တမ်းအဖြစ်သာထားရှိဖို့ ဆွေးနွေးခဲ့ပါတယ်။ အဆိုကို မဲခွဲဆုံးဖြတ်ရာမှာတော့ ထောက်ခံ မဲ(၄၇ မဲ)၊ ကန့်ကွက်မဲ (၂၄ မဲ)နဲ့ ထောက်ခံသူအရေအတွက် ထက်ဝက်ကျော်ရှိတာကြောင့် အဆိုကို လွှတ်တော်က အတည်ပြုခဲ့ပါတယ်။

“ကျွန်တော့်အမြင်ပြောရမယ်ဆိုရင် သိမ်းငှက်စစ်ဆင်ရေးစီမံချက်ဟာ မအောင်မြင်ဘူးပေါ့။ ဒီလိုပဲပြောရမှာပဲ။ လုပ်တော့လုပ်တယ်ပေါ့။ မအောင်မြင်ဘူးပြောရမယ်” လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်က သူ့ရဲ့အမြင်ကို ပြောကြားထားတာ ဖြစ်ပါတယ်။

“အခု လက်ရှိအနေအထားအရ ပြောရမယ်ဆိုရင် ပြည်သူတွေအနေနဲ့ ကိုယ့်လုံခြုံရေးကို ကိုယ်ဂရုစိုက်ရမယ့် အနေအထား ဖြစ်နေတာပေါ့ဗျာ။ ကျွန်တော်ဆိုရင် လွှတ်တော်မှာ အဆိုမတင်ခင်ကတည်းက ည ၉ နာရီ ကျော်ရင် အပြင်ကို မထွက်တော့ဘူးဗျ။ ထွက်လဲမထွက်ရဲတော့ဘူးလေ” လို့  တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်က မန္တလေးမြို့အခြေအနေနဲ့ပတ်သက်ပြီး သူ့ရဲ့အမြင်ကို ပြောဆိုထားတာဖြစ်ပါတယ်။

Smart City Mandalay  ထက်  Save City ဖြစ်စေဖို့

မန္တလေးမြို့မှာ တရားဥပဒေစိုးမိုးရေး၊ မှုခင်းကျဆင်းရေးအတွက် လွှတ်တော်၊ တိုင်းဒေသကြီးအစိုးရ၊ ရဲတပ်ဖွဲ့စတဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးက ကြိုးပမ်းဆောင်ရွက်နေကြတာ တွေ့ရပါတယ်။ မူခင်းမဖြစ်ပွားဖို့ ကြိုတင်ကာ ကွယ်မှုတွေလုပ်ဆောင်နေပေမယ့် တစ်ဖက်မှာလည်း ရာဇဝတ်မှုတွေက ပြောင်ပြောင်တင်းတင်း ကျူးလွန်နေကြဆဲ ဖြစ်ပါတယ်။ စီမံချက်ရေးဆွဲအကောင်အထည်ဖော်ခဲ့တဲ့ သိမ်းငှက်စစ်ဆင်ရေးဟာ အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ မန္တလေးမြို့တရားဥပဒေစိုးမိုးရေး၊ မှုခင်းကျဆင်းရေးအတွက် ရာဇဝတ်မှု ကျူးလွန်သူတွေနဲ့ ပတ်သက်ဆက်စပ်နေသူတွေကို ထိထိရောက်ရောက် ဖော်ထုတ်ဖမ်းဆီးရမိရေးဟာ အဓိကအချက် ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ မန္တလေးမြို့ဟာ အာဆီယံမြို့ကြီး ၁၀ မြို့တွေထဲက  Smart City  မြို့တစ်ခုအဖြစ် ထည့်သွင်းရွေးချယ်ခံထားရတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ ဒီလို ရွေးချယ်ဂုဏ်ပြုခံထားရတာက မြို့အတွက်ဂုဏ်တက်စရာ တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် Smart City Mandalay ဟာ လက်ရှိအချိန်မှာ ရာဇဝတ်မှုတွေနဲ့အတူ Save City မဖြစ်သေးတဲ့ မြို့တစ်မြို့လို့ ဆိုရဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် Smart City Mandalay ကို လုံခြုံမှုရှိပြီး နေချင်စဖွယ်ရှိတဲ့ Save City အဖြစ်ပါ ပေါ်ထွက်လာစေဖို့အတွက် မန္တလေးမြို့သူ၊ မြို့သားတွေက လိုလားနေကြတာ ဖြစ်ပါတယ်။ Smart City Mandalay ကို လုံခြုံစိတ်ချရတဲ့ Save City Mandalay  အဖြစ်ပါ ဆောင်ရွက်ပေးစေလိုနေကြတာ ဖြစ်ပါတယ်။ သို့သော် လက်ရှိ Smart City Mandalay ဟာ ရာဇဝတ်မှုခင်းတွေ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုတွေနဲ့အတူ ပြည်သူတွေအတွက် Save City Mandalay ဖြစ်ပေါ်မလာသေးပါဘူး။ ဒါကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေအနေဖြင့် Save City Mandalay ဖြစ်ပေါ်လာစေဖို့ မနှေးအမြန်လုပ်ဆောင်သွားဖို့ အရေးကြီးမှာ ဖြစ်ပါတယ်။ မြို့ခံပြည်သူတွေကတော့ ကျရာထောင့်ကနေ Smart City Mandalay ကို Save City Mandalay ဖြစ်စေဖို့အတွက် ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိနေကြပါတယ်။

မန္တလေးမြို့လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးအခြေအနေဟာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ၂၀၁၈ ဇွန်လအတွင်းက မေးခွန်းထုတ်ပြောကြားထားသလို ဓားကိုင်သူတွေ ဘယ်လောက်များလာပြီလဲ၊ နေ့စဉ်လိုလိုဓားကိုင်နေကြပြီလား၊ နေ့စဉ်လိုလိုများလာနေပြီလား၊ ဘယ်နှစ်ကြိမ်များလာပြီလဲ၊ ဒါမှမဟုတ် လျော့နည်းပပျောက်သွားပြီလားဆိုတာ လက်ရှိအချိန်မှာတော့ ဖြစ်ပွားခဲ့တဲ့ မှုခင်းဖြစ်ရပ်တွေကတစ်ဆင့် အဖြေထွက်နေလောက်ပြီလို့ ထင်မြင်မိပါတယ်။

ယခု ၂၀၁၈ ခုနှစ်ဟာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။ ကုန်ဆုံးသွားခဲ့ပြီဖြစ်တဲ့ ၂၀၁၈ ကို ပြန်လည်ငဲ့စောင်းကြည့်မိချိန်မှာ မဝေးသေးသော ဒီဇင်ဘာက အိပ်မက်ဆိုးများနဲ့ အခြားသောအိပ်မက်ဆိုးတွေကို မက်ခဲ့ကြရသလို အများပြည်သူတို့အတွက် မျှော်လင့် ချက်ရောင်ခြည်တို့နဲ့လည်း အမှတ်မထင် ဆုံစည်းခဲ့ကြရပါတယ်။ ၂၀၁၉ နှစ်သစ်မှာ ဆိုးရွားတဲ့အိပ်မက်ဆိုးများမှ နိုးထရပြီး နေခြည်သစ်သော နံနက်ခင်းနှင့်အတူ ငြိမ်းချမ်းသာယာသော နှစ်သစ်ကိုစတင်ရစေလိုပါကြောင်း အားလုံး၏ကိုယ်စား ဘုရားရှင်ထံ ဆုတောင်းရင်း…..။

Eleven Media Group

0 comments:

Post a Comment