Monday, December 31, 2018

တပ်မတော်နှင့်ပတ်သက်သည့် အဂတိလိုက်စားမှုများကို တပ်မတော်၏ စီမံဆောင်ရွက်မှုဖြင့် အရေးယူနေကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ပြောကြား

တပ်မတော်နှင့်ပတ်သက်သည့် အဂတိလိုက်စားမှုများကို လက်ရှိအချိန်အထိ တိုင်ကြားမှု မရှိကြောင်းနှင့် တပ်မတော်နှင့် ပတ်သက်သည့် အဂတိလိုက်စားမှုများကို တပ်မတော်၏ စီမံဆောင်ရွက်မှုဖြင့်သာ အရေးယူဆောင်ရွက်နေကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌဦးအောင်ကြည်က  ပြောကြားသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အရ ပုဒ်မ ၂၉၃ (ခ) တွင် စစ်ဘက်ဆိုင်ရာ တရားရုံးများကို ဖွဲ့စည်းခွင့်ပြုထားပြီး ပုဒ်မ ၃၁၉ အရ စစ်ဘက်ဆိုင်ရာတရားရုံးများကို နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အခြားဥပဒေအရ ဖွဲ့စည်း၍ တပ်မတော်သားများအတွက် ဖွဲ့စည်းရမည်ဟု ပြဋ္ဌာန်းထားသည်။ ထိုသို့ ပြဋ္ဌာန်းထားမှုကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေမှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်နိုင်ခြင်း မရှိဘဲ တပ်မတော်နှင့် ပတ်သက်သည့် အဂတိလိုက်စားမှုများကို တပ်မတော်၏ စီမံဆောင်ရွက်မှုဖြင့်သာ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

“တပ်မတော်နဲ့ ပတ်သက်ပြီး အခုအချိန်အထိ ကျွန်တော်တို့ကော်မရှင်က အရေးယူမှု မပြုပါဘူး။ တိုင်ကြားမှုလည်း မရှိပါဘူး။ ကျွန်တော်တို့ကော်မရှင်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအရပဲ ဆောင်ရွက်ရတာ ဖြစ်ပါတယ်။ ဒီဥပဒေဆိုတဲ့ဥစ္စာက ဖွဲ့စည်းပုံအခြေခံဥပဒေကို မကျော်နိုင်ပါဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်ရဲ့ စီမံခန့်ခွဲမှုကို တပ်မတော်ကသာလျှင် ဆောင်ရွက်ရတာဖြစ်တဲ့အတွက် ဒီလိုအဂတိလိုက်စားမှုတွေဟာ သူ့ရဲ့စီမံဆောင်ရွက်မှုအောက်မှာပဲ သူဘာသာသူအရေးယူဆောင်ရွက်လျက် ရှိနေပါတယ်။ အဲဒါကြောင့် သူ့ Process  နဲ့ သူလုပ်နေတဲ့အတွက် ကျွန်တော်တို့ ကော်မရှင်က ကိုင်တွယ်မှု မရှိပါဘူး” ဟု ဦးအောင်ကြည်က ပြောကြားသည်။

လက်ရှိ ကော်မရှင်သစ်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးမှ ဥပဒေချုပ်၊ FDA မှ ညွှန်ကြားရေးမှူးချုပ်နှင့် အကောက်ခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးအပါအဝင် ဝန်ထမ်းအများအပြားကို အရေးယူနိုင်မှု စသည့်ဖြစ်စဉ်များကြောင့် ယခင်အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထက် ပိုမိုစွမ်းဆောင်မှု ပြုနိုင်ကြောင်း ပြည်သူများက မှတ်ချက်ပြုထားပြီး ထိုသို့ စွမ်းဆောင်နိုင်မှုမှာ နိုင်ငံတော်သမ္မတဦးဝင်းမြင့်၏ ထောက်ခံအားပေးမှုကြောင့် ဖြစ်ကြောင်း ဦးအောင်ကြည်က ပြောကြားသည်။

“ကျွန်တော်တို့ ကော်မရှင်အနေနဲ့ ဆောင်ရွက်နေတာဖြစ်ပေမဲ့ နိုင်ငံတော် အစိုးရက အထူးသဖြင့် သမ္မတကြီးကိုယ်နှိုက်က ကျွန်တော်တို့ကို ညွှန်ကြားထားတယ်။ လမ်းညွှန်ထားတယ်။ ဒီလမ်းညွှန်ချက်တွေကို ကျွန်တော်တို့က အင်တိုက်အားတိုက်လုပ်တယ်။ နိုင်ငံတော်အစိုးရက သူ့ရဲ့ အဂတိတိုက်ဖျက်ရေးအတွက် အင်တိုက်အားတိုက် လုပ်နေတဲ့အတွက် ကျွန်တော်တို့က လုပ်ရဲတာ လုပ်နိုင်တာဖြစ်ပါတယ်” ဟု ဦးအောင်ကြည်က ဆက်လက်ပြောကြားသည်။

လက်ရှိ ကော်မရှင်သစ်အနေဖြင့် အရေးယူမှုများ များပြားလာသကဲ့သို့ အဂတိလိုက် စားမှုများကို တိုင်ကြားမှုများလည်း များပြားလာနေသည်။

ထိုသို့ များပြားလာသည့် တိုင်ကြားမှုများတွင် ရန်ကုန်တိုင်းဒေသကြီးမှ တိုင်ကြားမှု အများဆုံးဖြစ်သည်။

ထို့ကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဖွင့်လှစ်ရန် စီစဉ်လာသည့် ကော်မရှင်ရုံးခွဲများကိုလည်း ရန်ကုန်တိုင်းဒေသကြီးတွင် ပထမဆုံးဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှ ဦးဟန်ညွန့်က ပြောကြားသည်။

Eleven Media Group

0 comments:

Post a Comment