Sunday, December 30, 2018

အမေရိကန်ကုမ္ပဏီများ ဟွာဝေးနှင့် ZTE ထုတ် ပစ္စည်းမသုံးရန် သမ္မတအမိန့်ဖြင့် တားမြစ်ဖွယ်ရှိ



အမေရိကန်အစိုးရက တရုတ်နည်းပညာကုမ္ပဏီများ ဖြစ်ကြသည့် ဟွာဝေးနှင့် ZTE ထုတ်စက်ပစ္စည်းများ အသုံးပြုခြင်းကို တားမြစ်သည့် သမ္မတအမိန့်ထုတ်ပြန်ရန် အသေအချာစဉ်းစားလျက်ရှိကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် မကြာခင်ကျရောက်မည့် နှစ်သစ်ကူးတွင် သမ္မတ အမိန့်ထုတ်ပြန်၍ အမေရိကန်ကုမ္ပဏီများ ဟွာဝေးနှင့် ZTE ထုတ်စက်ပစ္စည်းများအသုံးပြုခြင်းကို တားမြစ်ရန် စဉ်းစားနေခြင်းဖြစ်ကြောင်း အဆိုပါကိစ္စရပ်များနှင့် နီးစပ်သည့် သတင်းရင်းမြစ်သုံးခုက ပြောသည်။
ဟွာဝေးနှင့် ZTE ကုမ္ပဏီများသည် တရုတ်အစိုးရကိုယ်စားအလုပ်လုပ်ကိုင်သော ကုမ္ပဏီများဖြစ်ပြီး အမေရိကန်ကို စုံစမ်းထောက်လှမ်းမှုပြုလုပ်နေကြောင်း အမေရိကန်အစိုးရက စွပ်စွဲပြောကြားထားသည်။
အမေရိကန်အစိုးရသည် ယခုတားမြစ်မိန့်ထုတ်ပြန်ရန် အချိန်ရှစ်လကျော်ခန့် စဉ်းစားသုံးသပ်ခဲ့ပြီး အမေရိကန်ကုမ္ပဏီများအနေဖြင့် အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေသည့် နိုင်ငံခြားတယ်လီဆက်သွယ်ရေးကုမ္ပဏီထုတ်ပစ္စည်းများ အသုံးမပြုရန် တားမြစ်မိန့်ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ အစောဆုံးထား၍ ထုတ်ပြန်ဖွယ်ရှိကြောင်း နီးစပ်သောသတင်းရင်းမြစ်များက ပြောကြားသည်။
ယခုထုတ်ပြန်ဖွယ်ရှိသည့် သမ္မတအမိန့်သည် အပြည်ပြည်ဆိုင်ရာအရေးပေါ် စီးပွားရေးအခွင့်အာဏာဆိုင်ရာ အက်ဥပဒေကို အသုံးပြု၍ ထုတ်ပြန်ဖွယ်ရှိသည်။
အဆိုပါဥပဒေသည် အမေရိကကို ခြိမ်းခြောက်နေသည့် အမျိုးသားအရေးပေါ် အခြေအနေမျိုးတွင် သမ္မတကို အမိန့်ထုတ်ပြန်ခွင့်ပေးထားသော အခွင့်အာဏာလည်း ဖြစ်သည်။
အမေရိကန်အစိုးရပိုင်းအတွက် ဟွာဝေးနှင့် ZTE ကုမ္ပဏီထုတ်ပစ္စည်းများအသုံးပြုခြင်းကို တားမြစ်သည့် ဥပဒေကြမ်းကို ယခုနှစ် ဩဂုတ်လက ကာကွယ်ရေးမူဝါဒဆိုင်ရာ ဥပဒေကြမ်းတွင် ထည့်သွင်းထားပြီး ယခု အမေရိကန်ပုဂ္ဂလိကကုမ္ပဏီများအတွက် တားမြစ်ချက်အမိန့်ကို ထုတ်ပြန်ရန် စဉ်းစားနေခြင်းလည်း ဖြစ်သည်။
ယခုအမိန့်ကို တရားဝင်အတည်ပြုဆုံးဖြတ်ခြင်းမရှိသေးခြင်းကြောင့် တစ်စုံတစ်ရာမှတ်ချက်ပေးပြောကြားလိုခြင်း မရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီးဟွာချန်းရင်က ပြောကြားသည်။
အမေရိကန်ကျေးလက်ဒေသများရှိ ဆက်သွယ်ရေးအော်ပရေတာကုမ္ပဏီများသည် ဟွာဝေးနှင့် ဇွှန ZTE ကုမ္ပဏီထုတ်စက်ပစ္စည်းများကို အများဆုံးအသုံးပြုကြပြီး ယခုထုတ်ပြန်နိုင်ဖွယ်ရှိသည့် အမိန့်တွင် လက်ရှိ အသုံးပြုထားသောပစ္စည်းများကို ဖယ်ရှားရမည့်ကိစ္စနှင့် ပတ်သက်၍ ယင်းကုမ္ပဏီများက စိုးရိမ်လျက်ရှိသည်။
ဟွာဝေးထုတ်ပစ္စည်းများမှာ အဲရစ်ဆန်ကုမ္ပဏီထုတ်ပစ္စည်းများထက် လေးဆနီးပါးဈေးသက်သာကြောင်းလည်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။

The Voice Journal

0 comments:

Post a Comment