Monday, December 31, 2018

နှစ်သစ်ကူးည မန္တလေးတွင် လုံခြုံရေးအားဖြည့်မည်

နှစ်သစ်ကူးညတွင် မန္တလေးမြို့၌ အများပြည်သူလုံခြုံရေးနှင့် မူးယစ်ရမ်းကားမှုများကို တားဆီးနိုင်ရန်နှင့် မတော်တဆမှုများ ကူညီနိုင်ရန် ရဲတပ်ရင်းများဖြင့် အင်အားဖြည့်ဆောင်ရွက်မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ 
“ရဲတပ်ရင်းက လုံခြုံရေးအင်အားတွေ ဖြည့်တင်းဆောင်ရွက်ထားပါတယ်။ ညပိုင်း ပျော်ကြပါးကြနဲ့ ခိုက်ရန်ဖြစ်ပွားတာတွေ မဖြစ်အောင် နောက်ပြီး မဖြစ်သင့် မလိုလာအပ်တဲ့ပြဿနာတွေ မဖြစ်ရအောင် အရေးပေါ်မတော်တဆမှုတွေကိုလည်း ကူညီနိုင်အောင် ဆောင်ရွက်ရတာပါ” ဟု မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မျိုးအောင်က ဆိုသည်။ 

မန္တလေးမြို့ မြို့နယ် ၆ ခုတွင် လှည့်ကင်း၊ ရပ်ကင်းနှင့် ဝပ်ကင်းများဖြင့် နေ့စဉ် ပုံမှန်ဆောင်ရွက်လျက်ရှိပြီး အများပြည်သူများ နှစ်သစ်ကူးသည့်အချိန်ကို စောင့်ကာ ပျော်ပါးလေ့ရှိသဖြင့် အင်အားများကို တိုးမြှင့်ချထားခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ 

မန္တလေးမြို့တွင် နှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲများအဖြစ် မန္တလာသီရိအားကစားကွင်းတွင် IC Show နှင့် ကျုံးဘေး၊ ကန်တော်ကြီး စသည့်နေရာများတွင်လည်း ပျော်ပွဲရွှင်ပွဲများ ပြုလုပ်သွားရန် ရှိနေသည်။ 

ယမန်နှစ် နှစ်သစ်ကူးညက ခိုက်ရန်ဖြစ်ပွားမှု၊ ယာဉ်မတော်တဆမှုတို့ကြောင့် ထိခိုက်ဒဏ်ရာရရှိပြီး မန္တလေးပြည်သူ့ ဆေးရုံကြီး၊ အရေးပေါ်လူနာဌာနသို့ ရောက်ရှိသူ ခြောက်ဆယ်ကျော်ခန့်အထိ ရှိခဲ့ပြီး ယာဉ်မတော်တဆမှုကြောင့် လူလေးဦးအထိ သေဆုံးခဲ့သည်။ 

ယခုနှစ်တွင်လည်း မန္တလေးဆေးရုံကြီး၊ အရေးပေါ်လူနာဌာနကို နှစ်စဉ်အတိုင်း နှစ်သစ်ကူးညအတွက် လူနာခုတင်များ၊ ဆေးဝါးများ အသင့်ပြင်ဆင်ထားခြင်း၊ ဆရာဝန်၊ သူနာပြု၊ ဆေးရုံဝန်ထမ်းများကို နှစ်သစ်ကူးညအတွက် တာဝန်ပေးထားခြင်းများကို ပြုလုပ်ထားမည်ဖြစ်ကြောင်း အဆိုပါဆေးရုံထံမှ သိရသည်။

The Voice

0 comments:

Post a Comment