Monday, December 31, 2018

ခေတ်မီနည်းပညာများဖြင့် တည်ဆောက်မည့် ဒလတံတားစီမံကိန်းကြောင့် မြန်မာအင်ဂျင်နီယာများ အတွေ့အကြုံများရရှိမည်



ခေတ်မီနည်းပညာများဖြင့် တည်ဆောက်မည့် မြန်မာ - ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတားစီမံကိန်းကြောင့် မြန်မာအင်ဂျင်နီယာများ အတွေ့အကြုံများရရှိမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။ 

အဆိုပါတံတားကို အဆင့်မြင့်နည်းပညာများဖြင့် တည်ဆောက်သွားမည်ဖြစ်ပြီး နည်းပညာအတွေ့အကြုံများကို မြန်မာအင်ဂျင်နီယာများ အနေဖြင့် တံတားပုံစံထုတ်ခြင်း၊ တည်ဆောက်ခြင်း စသည့် ခေတ်မီနည်းပညာနှင့် အတွေ့အကြုံများ ရရှိနိုင်ပြီး အလုပ်အကိုင် အခွင့်အလမ်းများ ရရှိကြမည်ဖြစ်ကာ ကျွမ်းကျင်လုပ်သားများလည်း ပေါ်ထွက်လာမည် ဖြစ်ကြောင်း သိရသည်။ 
အဆိုပါ ရန်ကုန် နှင့် ဒလကို ဆက်သွယ်မည့်တံတားအမျိုးအစားမှာ သံမဏိ ကြိုးဆိုင်းတံတားဖြစ်ပြီး တံတားအရှည်မှာ ၁၈၆၇.၅၉၅ မီတာ ၊ ပင်မတံတားအရှည် မှာ ၆၉၀ မီတာ ၊ ရန်ကုန်ဘက်ခြမ်း ချဉ်းကပ်လမ်း ၅၇၆.၄၆၆ မီတာ၊ 
ဒလဘက်ခြမ်း ချဉ်းကပ်လမ်း ၆၀၁.၁၂၉ မီတာ၊ တံတား၏အကျယ်မှာ ၂၄.၂ မီတာ ရှိပြီး ယာဉ်တစ်စီးချင်း ခံနိုင်ဝန်မှာ ၇၅ တန်ဖြစ်ကြောင်း သိရသည်။ 
အဆိုပါတံတားပြီးစီးပါက ကျယ်ဝန်းသော ဒလမြို့နယ်၏ ခန့်မှန်းလူဦးရေ (၁၅၀၀၀၀)အတွက် မြို့ပြဖွံ့ဖြိုးမှု အပါအဝင် ဘက်စုံ ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများစွာ ဝင်လာမည်ဖြစ်ကြောင်း သိရသည်။ 
“ဒီတံတားကို အဆင့်မြင့်နည်းပညာတွေနဲ့ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ မြန်မာအင်ဂျင်နီယာတွေ အနေနဲ့လည်း နည်းပညာအတွေ့အကြုံတွေကို ရရှိမှာ ဖြစ်ပါတယ်။ ပြီးတော့ အလုပ်အကိုင်အခွင့်အလမ်း ဘယ်လောက်ထိ ဖန်တီးပေးနိုင်မလဲဆိုတာကိုတော့ မတွက်ချက်ရသေးပါဘူး။ တွက်ချက်ပြီးရင်တော့ တရားဝင် ထုတ်ပြန်ပေးသွားမှာပါ”ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန (ထိန်းသိမ်းရေး)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကောင်းချို က ပြောသည်။ 
ဒလတံတားကို ရန်ကုန်မြို့ဘက်တွင် လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်းနှင့် ဒလမြို့နယ် ဘက်ရှိ ကမာကဆစ် ရပ်ကွက် ဗိုလ်မင်းရောင်လမ်းတို့ကို ဆက်သွယ်တည်ဆောက် သွားမည်ဖြစ်ပြီး စီမံကိန်းကာလမှာ သုံးနှစ်ခွဲခန့်ကြာမြင့်မည်ဖြစ်ကြောင်းသိရသည်။ 
အဆိုပါ တံတားကို ကိုရီးယားသမ္မတနိုင်ငံ စီးပွားဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေ EDCF Loan ချေးငွေ ကန်ဒေါ်လာ ၁၃၇ ဒဿမ ၈၃၃ သန်းနှင့် မြန်မာအစိုးရ ထည့်ဝင်ငွေ ၃ဝ ဒဿမ ၃၄၁ သန်း၊ စုစုပေါင်း ခန့်မှန်း ကုန်ကျစရိတ် ကန်ဒေါ်လာ ၁၆၈ ဒဿမ ၁၇၃ သန်း ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။ 

စုသက်နှင်း(အကုန်သိသတင်းဌာန)

0 comments:

Post a Comment