Monday, December 31, 2018

ဆူပူအကြမ်းဖက်မည့်အန္တရာယ်များနှင့် ပဋိပက္ခများကြားက ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲ စတင်ကျင်းပ


ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တနင်္ဂနွေနေ့က အထွေထွေရွေးကောက်ပွဲကြီး ကျင်းပရာ မဲဆန္ဒရှင်ထောင်ပေါင်းများစွာက မဲရုံများသို့ သွားရောက်မဲပေးခဲ့ကြောင်းနှင့် ယင်းရွေးကောက်ပွဲသည် လက်ရှိအမျိုးသမီး ဝန်ကြီးချုပ် ရှိတ်ဟာစီနာကို တတိယမြောက် ရာထူးသက်တမ်း ထမ်းဆောင်ခွင့်ရရှိရေးအတွက် အဆုံးအဖြတ်ပေးလိမ့်မည်ဖြစ်ကြောင်း သတင်းဌာနများက ရေးသားဖော်ပြသည်။ 
အဆိုပါရွေးကောက်ပွဲမတိုင်မီ ဘင်္ဂလားဒေ့ရှ်တွင် သီတင်းပတ်များစွာ မတည်မငြိမ်ဖြစ်ခဲ့ပြီး ရှိတ်ဟာစီနာ၏ ဒါကာအစိုးရက ဘင်္ဂလားဒေ့ရှ် အတိုက်အခံနိုင်ငံရေးအင် အားစုများကို ဖြိုခွင်းနှိမ်နင်းခဲ့သည်။ 

အတိုက်အခံအင်အားစုများ၏အဆိုအရ အစိုးရသည် ၎င်းကိုဆန့်ကျင်သူများအပေါ် ပစ်ခတ်ခြင်း၊ ဖမ်းဆီးခြင်း ဖိနှိပ်ခြင်းတို့ ဆက်တိုက်လုပ်ဆောင်ခဲ့သည်။ 

ရွေးကောက်ပွဲမကျင်းပမီ ရက်ပိုင်းအလိုကတည်းက ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက မဲပေးသည့်လုပ်ငန်းစဉ် အဆင်ပြေချောမွေ့စွာ ပြီးမြောက်ရေးအတွက် တပ်ဖွဲ့ဝင် အင်အား ၇ သိန်းခန့်ကို နိုင်ငံတစ်ဝန်း တပ်ဖြန့်ထားခဲ့သည်။ 

ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် ယင်းရွေးကောက်ပွဲနှင့်ဆက်နွှယ်သည့် ပဋိပက္ခအချို့ ပေါ်ပေါက်ခဲ့ရာ အနည်းဆုံး လူနှစ်ဦး သေဆုံးသွားသည်ဟု ဆိုသည်။ ဘတ်ရှ်ကာလီမြို့တွင်မူ အမျိုးသားတစ်ဦးမှာ ရဲတပ်ဖွဲ့၏ပစ်ခတ်မှုကြောင့်သေဆုံးသွားခဲ့သည်။ ရဲတပ်ဖွဲ့အဆိုအရ အတိုက်အခံတို့က မဲရုံတစ်ခုကို တိုက်ခိုက်လာသောကြောင့် ပစ်ခတ်ခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။ 

အာဏာရ အဝါမီလိဂ်ပါတီမှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တစ်ဦးလည်း အတိုက်အခံအင်အားစုကို ထောက်ခံသည့် လူစု၏ ရိုက်နှက်ခံရသောကြောင့် ဦးခေါင်းတွင် ဒဏ်ရာရရှိကာ သေဆုံးသွားခဲ့သည်။ 

မဲဆန္ဒရှင်အချို့ကမူ နည်းပညာပိုင်းဆိုင်ရာ ပြဿနာများကြောင့် ၎င်းတို့အနေနှင့် မဲပေးခွင့်မရရှိခဲ့ကြောင်း တိုင်တန်းပြောဆိုကြသည်။ 

“ကျွန်တော် မနက် ၇ နာရီ ၄၅ မိနစ်လောက်မှာ မဲရုံကိုမဲပေးဖို့ရောက်လာတယ်၊ ဒါပေမဲ့ နာမည်စာရင်းထဲမှာ ကျွန်တော့် နာမည်မတွေ့ဘူး၊ အဲဒီတော့ ကော်မရှင်ကို စာတိုမက်ဆေ့ခ်ျပို့ပြီး အကြောင်းကြားတယ်။ ဒါပေမဲ့သူတို့ လုံးဝအကြောင်း မပြန်ဘူး”ဟု မြို့တော်ဒါကာမှ မဲဆန္ဒရှင်တစ်ဦးက DW သတင်းဌာနသို့ ပြောကြားသည်။ 

ပြည်တွင်းမီဒီယာတစ်ခု၏ ရေးသားဖော်ပြချက်အရ အတိုက်အခံအမျိုးသားရေးပါတီ (BNP) မှ မဲရုံအေးဂျင့်များလည်း ပျောက်ဆုံးနေသည်ဟု ဆိုသည်။ 

ယင်းပါတီမှ ယခင်ဝန်ကြီးချုပ်ဟောင်း ခါလီဒါဇီယာက မဲပေးသည့်လုပ်ငန်းစဉ်ကို စောင့်ကြည့်သော မဲရုံအေးဂျင့်များသည် ရွေးကောက်ပွဲမတိုင်မီ တစ်ရက်အလိုကတည်းက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ 

မြန်မာနှင့် အိန္ဒိယနိုင်ငံအကြားတွင် ညပ်နေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ကမ္ဘာပေါ်တွင် လူဦးရေသိပ်သည်းထူထပ်မှု အမြင့်မားဆုံးနိုင်ငံများစာရင်းတွင်ပါဝင်ပြီး လူဦးရေ သန်း ၁၆၀ ကျော်ခန့်ရှိသည်။ 

ယခုရွေးကောက်ပွဲအတွက် မဲပေးပိုင်ခွင့်ရှိ သူ ၁၀၄ သန်းခန့် လာရောက်မဲပေးကြလိမ့်မည်ဟု အာဏာပိုင်များက ခန့်မှန်းထားသည်။ 

ရွေးကောက်ပွဲနေ့တွင် ဈေးဝယ်စင်တာများအားလုံး ပိတ်ထားပြီး အများပြည်သူသယ်ယူပို့ဆောင်ရေး စနစ်များလည်း ရပ်ဆိုင်ထားခဲ့သည်။ အစိုးရက မော်တော်ဆိုင်ကယ်များ စီးနင်းမှုကိုလည်း ပိတ်ပင်ခဲ့သည်။ မိုဘိုင်းလ်ဖုန်းနှင့် အင်တာနက်ဝန်ဆောင်မှုများမှာလည်း ကြိုတင်ကြေညာချက်တစ်စုံတရာ မထုတ်ပြန်ဘဲ ပိတ်ချခံခဲ့ရသည်။

The Voice

0 comments:

Post a Comment