Sunday, December 30, 2018

ကမ္ဘာလုံးဆိုင်ရာရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာစာချုပ်ကို ထောက်ခံခြင်းသည် မြွေပွေးခါးပိုက် ပိုက်၊ မိချောင်းနို့ တိုက်သလိုဖြစ်မှာ စိုးရိမ်မိတယ်လို့  ဦးသိန်းထွန်းဦးပြော


လွန်ခဲ့သည့် ဒီဇင်ဘာ (၁၉)ရက်နေ့ က ကျင်းပခဲ့သော (၇၃)ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံတွင် အတည်ပြုမဲခွဲဆုံးဖြတ်ခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ ရွေ့ပြောင်းနေထိုင်မှုဆိုင်ရာစာချုပ်ကို ထောက်ခံပေးခဲ့ခြင်း အပေါ် ကြံ့ခိုင်ရေးပါတီပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက မြွေပွေးခါးပိုက်ပိုက်၊ မိချောင်းနို့ တိုက်သလိုဖြစ်နေမှာ စိုးရိမ်မိတယ်လို့ ပြောဆိုလိုက်ပါတယ်။

” လက်ရှိမြန်မာနိုင်ငံမှာကလည်း ရခိုင်ပြည်နယ်အရေးကိစ္စအပါအဝင် နယ်စပ်ဖြတ်ကျော်မှုတွေအထူးလေးထားကိုင်တွယ်ဖြေရှင်းနေရတဲ့အချိန်မှာ၊ အနာဂတ်မြန်မာနိုင်ငံအရေးနဲ့ဆက်စပ်လာနိုင်တဲ့အရေးမို့ ပြည်သူလူထုကို ကြိုတင်အသိပေးသင့်တယ်။ နောက်ပြီးပြည်သူတွေစိုးရိမ်ပူပန်မှုများဖြစ်ပေါ်နေတဲ့အတွက် ထောက်ခံခဲ့ခြင်းအပေါ်မှာလည်းပွင့်လင်းမြင်သာထုတ်ပြန်ရှင်းလင်းသင့်တယ်လေ။ ကျွန်တော်အနေနဲ့ ပြောရရင်တော့ ဒီစာချုပ်ဟာ မြွေပွေးခါးပိုက်ပိုက်၊ မိချောင်းနို့တိုက်သလို၊ နိုင်ငံတော်အတွက်အလွန်အန္တရာယ်ဖြစ်သွားမှာကို စိုးရိမ်ပူပန်မိတယ် “ လို့ MUNA ကို ပြောဆိုလိုက်ပါတယ်။

အဆိုပါညီလာခံတွင် (The United Nation Global Compact for Safe Orderly and Regular migration ) ကမ္ဘာလုံးဆိုင်ရာ ရွှေ့ ပြောင်းနေထိုင်မှုဆိုင်ရာစာချုပ် ကို (၇၃)ကြိမ်မြောက် ကုသသမဂ္ဂမထွေထွေညီလာခံမှာ အတည်ပြုမဲခွဲခဲ့ရာ မြန်မာနိုင်ငံအပါအ၀င် ၁၅၂ နိုင်ငံရဲ့ ထောက်ခံမဲရရှိခဲ့ပြီး (၅)နိုင်ငံကဆန့်ကျင် ခဲ့ကာ (၁၂)နိုင်ငံက ကြားနေရှိခဲ့တယ်လို့ ပြည်ခိုင်ဖြိုးပါတီ သဘောထားထုတ်ပြန်ချက် (၉/၂၀၁၈) အရသိရပါတယ်။

မြန်မာနိုင်ငံအမ်ျိုးသားလူ့ အခွင့်အရေးကော်မရှင် (MNHCR) မှ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်မှု (Protection) တာဝန်ခံဖြစ်သူ ဦးယုလွင်အောင်က
” နိုင်ငံတကာအစည်းအဝေးဖြစ်တာကြောင့် နိုင်ငံတကာဆုံးဖြတ်ချက်ကိုထောက်ခံတာတော့ မမှားဘူးပေါ့ဗျာ။ ဒါပေမဲ့ ထောက်ခံတိုင်းလည်း မကောင်းဘူးပေါ့ ဗျာ။ ထောက်ခံချက်အပေါ် ကိုယ့်နိုင်ငံအတွက် ဘယ်လိုအကျိုးဆက်တွေရှိနိုင်မလဲဆိုတာ ထည့်သွင်းစဉ်းစားဖို့ လိုတယ်။ နောက်ပြီး ထောက်ခံချက်အပေါ်မှာလည်းပြည်သူတွေကိုအသိပေးချ ပြပေးတော့ ပိုကောင်းတာပေါ့ဗျာ ပွင့်လင်းမြင်သာတာပေါ့  “ လို့  ဆိုပါတယ်။

ပြည်ခိုင်ဖြိုးပါတီ က အဆိုပါစာချုပ်နဲ့ပတ်သက်ပြီး ပြည်သူလူထုထံပွင့်လင်းမြင်သာစွာချပြရှင်းလင်းပေးရန် တိုက်တွန်းတဲ့ သဘောထားထုတ်ပြန်ချက်ကို ဒီဇင်ဘာ ၂၉ ရက်နေ့ က ထုတ်ပြန်ကြေညာခဲ့ရာ အချက်(၅)ချက်ပါရှိပြီး ၊ ဖော်ပြချက်တွင် လတ်တလောနယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုပြသနာများနှင့်ကြီးမားစွာရင်ဆိုင်နေရသောအမေရိကန်နိုင်ငံ၊ အစ္စရေးနိုင်ငံအပါအ၀င် နိုင်ငံပေါင်း(၁၂)နိုင်ငံကလည်း နယ်စပ်ဖြတ်ကျော်ရွှေ့ပြောင်းဝင်ရောက်မှုများကြောင့် နိုင်ငံတွင်းရိုက်ခတ်လာနိုင်သော ရေရှည်အကျိုးဆက်များကိုမျှော်တွေး၍ ဤစာချုပ်အား ကြားနေအဖြင့်သာရပ်တည်ခဲ့ကြောင်း၊မြန်မာနိုင်င်ငံအနေဖြင့်လည်း နိုင်ငံတော်လုံခြုံရေး ၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးနှင့် အမျိုးသားအကျိုးစီးပွားကိုဦးထိပ်ထား၍ ရခိုင်ပြည်နယ်ရေးအပါအ၀င် ၊ နယ်စပ်ဖြတ်ကျော်မှုခင်းများအား အထူးအလေးထားကိုင်တွယ်နေရသည့်အချိန်အခါလည်းဖြစ်ကြောင်းနိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်အနာဂတ်အရေးနှင့်ဆက်စပ်လာနိုင်သည့် ဤစာချုပ်ပါအချက်အလက်များအပေါ်ပြည်သူများအားကြိုတင် ၊ချပြ ၊ အသိပေးခဲ့ခြင်းမရှိဘဲထောက်ခံမဲပေးခြင်းအပေါ် ပြည်သူများက စိုးရိမ်ပူပန်မှုများဖြစ်ပေါ်လျက်ရှိနေကြောင်း၊နိုင်ငံတော်အစိုးရအနေဖြင့်နိုင်ငံတော်နှင့်နိုင်ငံသားများ၏အနာဂတ်အတွက် သက်ရောက်မှုကြီးမားစွာဖြစ်စေနိုင်သည့် (The United Nation Global Compact for Safe Orderly and Regular migration ) အား ထောက်ခံမဲပေးခဲ့ရခြင်း၏ရည်ရွယ်ချက် ၊ အားသာချက် ၊ အားနည်းချက်နှင့်အနာဂတ်အလားလာတို့ ကိုပြည်သူလူထုထံ ပွင့်လင်းမြင်သာစွာချပြ ၊ ရှင်းလင်းပေးပါရန် တိုက်တွန်းဖေါ်ပြအပ်ကြောင်းပါရှိပါတယ်။


0 comments:

Post a Comment