Monday, December 31, 2018

ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ကို ကန်တော့ခြင်းအပေါ် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဖြေရှင်း

ရန်ကုန်မြို့တော်ခန်းမတွင် ပြုလုပ်သည့် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲ၌ ကန်တော့ခံပုဂ္ဂိုလ်အဖြစ် တက်ရောက်လာသော ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ကို ကန်တော့ခြင်းနှင့် ပတ်သက်၍ တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဖိနှိပ်ခံခဲ့ရသည့်အပေါ် အာဃာတမရှိကြောင်း ပြသရန်ဟု ဖြေရှင်းပြောကြားလိုက်သည်။ 
ဒီဇင်ဘာလ ၃၀ ရက်ကပြုလုပ်ခဲ့သည့် ပြည်တော်သစ်အိမ်ရာ ပြန်လည် ဖွံ့ဖြိုးရေးစီမံကိန်း မင်္ဂလာပိုင်စိုက်ထူခြင်း အခမ်းအနားအပြီးတွင် မီဒီယာများ၏မေးမြန်းမှုကို ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြန်လည်ဖြေရှင်းခဲ့ခြင်းဖြစ်သည်။ 

“ဒီနေရာမှာ ကျွန်တော်က အခုအချိန်မှာ ဝန်ကြီးချုပ်ပါ။ ဦးခင်ညွန့်ဟာ သာမန်အရပ်သား တစ်ယောက်ပါ။ ဒီအခြေအနေမှာ အတုံ့အလှည့်တွေထားပြီး အာဃာတနဲ့တုန့်ပြန်နေဖို့ မလိုအပ်ပါဘူး။ အနာဂတ်မျိုးဆက်တွေအတွက် ကောင်းမွန်တဲ့ရလဒ်တွေ ပေးချင်တယ်ဆိုရင် အကောင်းဆုံးစံနမူနာဖြစ်အောင် ကြိုးစားရမှာပါ။ ဒီလိုစံနမူနာဖြစ်နိုင်ဖို့ အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်တဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အမြဲတမ်း ပြသနိုင်ခဲ့ပါတယ်”ဟု ဝန်ကြီးချုပ်က ဆိုသည်။ 

ထို့အပြင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက နိုင်ငံရေးလှုပ်ရှားမှုကြောင့် ပုဒ်မ ၅ ဖြင့် အကြိမ်ကြိမ် ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီး စစ်ထောက်လှမ်းရေးကို ဖျက်သိမ်း၍ ဗိုလ်ချုပ်ကြီးခင်ညွှန့် ထောင်ကျသွားသည့် အခြေအနေတွင် ယင်းအချိန်၌ နိုင်ငံတော်အကြီးအကဲဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက စစ်ထောက်လှမ်းရေး၏ မတရား ဆောင်ရွက်ခဲ့မှုကြောင့် ထောင်ကျခဲ့သော ကျောင်းသားများကို ပြန်လွှတ်ရာတွင် ၎င်းလည်း ပါဝင်ခဲ့ကြောင်း ဆက်လက်ပြောကြားသည်။ 

“၈၈ ခုနှစ်တည်းက ဘယ်သူကမှ အာဃာတထားပြီး လက်စားချေမယ်ဆိုပြီး နိုင်ငံရေးလုပ်လာတဲ့လူတွေ မဟုတဘူးဗျ။ အာဃာတတရား မထားဘူး။ ရှိလည်း မရှိဘူး။ စဉ်းတောင် မစဉ်းစားဘူးဗျာ။ မြန်မာနိုင်ငံရဲ့ စရိုက်အရလည်း ဒါက ကိုက်ညီတာ မဟုတ်ဘူး။ တစ်ခုရှိ တာပေါ့။ ဒီအာဃာတ မထားတာ တစ်ခုတည်းနဲ့ ဒီလိုမျိုး ဆက်ဆံရမယ်ဆိုတာတော့ မဟုတ်ဘူးဗျ။ နောက်တစ်ခုက အမျိုးသား ပြန်လည်သင့်မြတ်ရေးကို သွားတယ်ဆိုတဲ့အခါမှာ သွားမဲ့ဦးတည်ရာ လမ်းကြောင်းတော့ တူဖို့လိုတယ်ဗျ။ အဲ့ဒီဟာတွေနဲ့ ချိန်ထိုးကြည့်မယ်ဆိုရင်တော့ မနေ့က စာပေကတော့ပွဲဟာ တော်တော်ကို ရှက်စရာ ကောင်းပါတယ်”ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဟောင်းဖြစ်သူ ဦးမြအေးက ဆိုသည်။ 

အလားတူ ကမ္ဘာပေါ်ရှိ ဒီမိုကရေစီ အသွင်ကူးပြောင်းခဲ့သည့် နိုင်ငံအားလုံးတွင် ငြိမ်းချမ်းရေးကို ရှေ့ရူ၍ အသွင်ကူးပြောင်းရာတွင် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအား တည်ဆောက်စဉ် Trastional Justice မဖြတ်သန်းရသည့်နိုင်ငံတစ်ခုမှ မရှိကြောင်း ၎င်းက ဆက်ပြောဆိုသည်။ 

သက်ကြီး စာပေပညာရှင်ကန်တော့ပွဲနှင့် ပတ်သက်၍ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်ဟောင်း ဦးမင်းကိုနိုင်က “မည်သည့်အကြောင်းနှင့်မျှ လူသတ်ကောင်ကို ပုဂ္ဂိုလ်ကတော့ခံအဖြစ် ဖြစ်ကြောင်း မကြံကြလေနှင့်” ဟု စာရွက်ဖြင့် ရေးသားပြီး ၎င်းကိုယ်တိုင်လက်မှတ်ရေးထိုးကာ လူမှုကွန်ရက်စာမျက်နှာ၍ ဖော်ပြထားသည်။ 

ယင်းသက်ကြီး စာပေပညာရှင်များ ပူဇော်ကတော့ပွဲတွင် ဗိုလ်ချုပ်ကြီးဟောင်းခင်ညွှန့် ကန်တော့ခံပုဂ္ဂိုလ်အဖြစ် ပါဝင်နေမှုကြောင့် စာရေးဆရာအသိုင်းအဝိုင်းတွင် ဝေဖန်မှုမြင့်တက်ခဲ့ပြီး စာရေးဆရာ မောင်စိန်ဝင်း အပါအဝင် စာရေးဆရာအချို့ အသင်းဝင်အဖြစ်မှ နှုတ်ထွက်ခြင်း၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များဖြစ်သည့် ဦးကိုကိုကြီး၊ ဦးမင်းကိုနိုင်တို့ အပါအဝင် နိုင်ငံရေးအသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်များလည်း ပြင်းထန်စွာ ဝေဖန်ခဲ့ကြသည်။ 

သို့သော် စာရေးဆရာအချို့ နုတ်ထွက်သည်ဟူသော သတင်းနှင့်ပတ်သက၍ မြန်မာနိုင်ငံစာရေးဆရာအသင်းထံ တရားဝင်စာရွက်စာတမ်းဖြင့် အကြောင်းကြားထားခြင်း မရှိခြင်းကြောင့် အမှုဆောင်အဖွဲ့အနေဖြင့် တရားဝင် အသိအမှတ်ပြု၍မရကြောင်း မြန်မာနိုင်ငံစာရေးဆရာ အသင်းဥက္ကဋ္ဌ မနုဿကျော်ဝင်းက ပြောကြားသည်။ 

“နှုတ်ထွက်တဲ့ တရားဝင် ဘာလျှောက်လွှာမှ မရောက်လာသေးဘူး။ ဖေ့စ်ဘွတ်တင်တာကိုတော့ အမှုဆောင် အဖွဲ့အနေနဲ့ ဘာမှ မသိအမှတ်ပြုလို့ မရဘူးလေ။ ကာယံကံရှင်ကိုယ်တိုင်က နှုတ်ထွက်ကြောင်း လက်မှတ်ထိုးပြီး လျှောက်လွှာတင်လာရင်တော့ အီးစီးအဖွဲ့နဲ့ ဒီဟာကို ဆုံးဖြတ်ချက်ပေးမှာပေါ့”ဟု ၎င်းက ဆိုသည်။ 

ယခုနှစ် သက်ကြီးစာပေပညာရှင်များ ပူဇော်ကတော့ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်ပေးသော ကန်တော့ခံ သက်ကြီးစာပေပညာရှင်များ၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးမြင့်နှင့်အတူ ကျေးဇူးတင်ထိုက်သူများ အားလုံးကို အထူးကျေးဇူးတင်ရှိပြီး မှတ်တမ်းပြု ဖော်ပြအပ်ပါကြောင်း မြန်မာနိုင်ငံစာရေးဆရာအသင်းလူမှုကွန်ရက် စာမျက်နှာတွင် ဒီဇင်ဘာလ ၃၀ ရက်စွဲဖြင့် ထုတ်ပြန်သည်။ 

ဦးခင်ညွှန့်သည် ရှမ်းပြည်နယ်၊ ဗထူးမြို့ ဗိုလ်သင်တန်းကျောင်းတွင် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၂၅) တက် ရောက်ခဲ့ပြီး တပ်မတော်၌ ပြန်တမ်းဝင်အရာရှိ၊ တပ်စုမှူး၊ စစ်ဦးမှူး (ဒုတိယတန်း)၊ တပ်ရင်းမှူး၊ ဗျူဟာမှူး၊ တပ်မတော်ထောက်လှမ်းရေး ညွှန်ကြားရေးမှူး၊ အတွင်းရေးမှူး (၁) အပါအဝင် နိုင်ငံတော်ဝန်ကြီးချုပ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ 

ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့် (မှော်ဝန်းသားဦးခင်ညွှန့်) ကလောင်အမည်ဖြင့် ၂၀၁၄ခုနှစ်တွင် ကြုံတွေ့ခဲ့ရ ကျွန်တော့်ဘဝအထွေထွေစာအုပ်၊ ၂၀၁၆ ခုနှစ်တွင် ကြုံတွေ့ခဲ့ရ ကျွန်တော့်ဘဝ အထွေထွေ (၂) စာအုပ်နှင့် ၂၀၁၈ ခုနှစ်တွင် မြန်မာ့တကောင်း ပျူတကောင်းစာအုပ် နောက်ဆုံးထွက်ရှိခဲ့သည်။ 

ယင်းစာအုပ်အညွှန်းတွင် နိုင်ငံ၏ အနောက်ဘက်တံခါးပေါက်က ပြဿနာ (၂၀၁၇)၊ အတွင်းရေးမှူး (၁)၊ ကျွန်တော်ရယ် ထောက်လှမ်းရေးရယ် နဝတနှင့် နအဖရယ်၊ ဥပဒေအထက်မှာ၊ သစ်လုံးတွေတောင်လို ပုံလို့၊ လေးကျွန်းရန်အောင် စေတီတော်မြတ်ကြီး ရွှေထီးတော်တင်လှူပူဇော်ပွဲ ဟူသောစသည့် လုံးချင်းစာအုပ် ၉ အုပ် ရေးသားခဲ့သည်ဟု ဖော်ပြထားသည်။ 

The Voice

0 comments:

Post a Comment