Sunday, December 30, 2018

အင်းလေးဖောင်တော်ဦးဘုရားများ ရွှေသင်္ကန်းကပ်လှူခွင့် ရပ်ဆိုင်း


အင်းလေးဒေသရှိ ရှေးဟောင်း အမွေအနှစ်သမိုင်းဝင် ဖောင်တော်ဦး ဘုရားများ၏ မူလသွင်ပြင်ပျောက်ကွယ်နေမှုများကြောင့် ဩဝါဒဆရာတော်များ၏ အစည်းအဝေးဆုံးဖြတ်ချက်များအရ ဇန်နဝါရီလ ၁ ရက်မှစ၍ ရွှေသင်္ကန်း ကပ်လှူပူဇော်ခွင့်မပြုတော့ကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ စုံစမ်းသိရသည်။ 
“ဩဝါဒဆရာတော်တွေကတော့ ဒီဇင်ဘာလ ၂၇ ရက် အစည်းအဝေးဆုံးဖြတ်ချက်အရ ခွင့်ပြုလိုက်ပြီ။ ဒီအခြေအနေကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ကို စာတင်ထားတယ်” ဟု ဖောင်တော်ဦးဘုရား ဂေါပကအဖွဲ့ဝင်တစ်ဦးက ဆိုသည်။ 

အင်းလေးဖောင်တော်ဦး ဘုရားများကို ရွှေသင်္ကန်းကပ်လှူမှုများပြားသဖြင့် အလေးချိန်များတိုးလာခြင်းနှင့် ရုပ်ပွားတော်များ၏ မူလသွင်ပြင်များ ပျောက်ကွယ်နိုင်ခြင်း စသည့် အချက်များကြောင့် ရွှေသင်္ကန်းကပ်လှူပူဇော်ခွင့်ကို ရပ်ဆိုင်းရခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။ 

“သဒ္ဓါကြည်ညိုစိတ်နဲ့ ကပ်လှူပေမယ့် တချို့ကိစ္စတွေမှာပျက်စီးသွားတာတွေ ရှိတယ်။ ဒါဟာ ကောင်းတဲ့အချက်တစ်ခုပါ၊ အစားထိုးမရနိုင်တဲ့ အမျိုးသားအမွေအနှစ်တစ်ခုကို ထိန်းသိမ်းမှုလမ်းစပါပဲ” ဟု ရှေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်း လက်ထောက်ကထိကတစ်ဦးက မှတ်ချက်ပြုပြောဆိုသည်။ 

အင်းလေးဖောင်တော်ဦး ဘုရားများသည် ပုဂံခေတ်လက်ရာ ဆင်းတုတော်များဖြစ်ပြီး ရွှေသင်္ကန်းကပ်လှူမှုများပြားခြင်းကြောင့် ပကတိရှိခဲ့သော အရွယ်အစားထက် လက်ရှိတွင် ပိုမိုကြီးမားနေခြင်းဖြစ်သည်။ 

အင်းလေးဖောင်တော်ဦး ဘုရားပွဲတော်ကို သီတင်းကျွတ်လဆန်း ၁ ရက်မှ စ၍ သီတင်းကျွတ် လပြည့်ကျော် ၃ ရက် အထိ နှစ်စဉ်ကျင်းပလေ့ရှိပြီး ပြည်တွင်း၊ ပြည်ပခရီးသည်များ ဝင်ရောက်မှုများပြားသည့်နေရာလည်း ဖြစ်သည်။

The Voice

0 comments:

Post a Comment