Monday, December 31, 2018

ဆယ်တန်းအောင်ချက်မြင့်မားရေး ကျောင်းသား ၁၅၀၀ ကျော်ကို အခမဲ့သင်တန်းပေး

တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး ဆယ်တန်းကျောင်းသား၊ ကျောင်းသူ ၁၅၀၀ ကျော်ကို စာမေးပွဲမေးခွန်းပုံစံသစ်ဆိုင်ရာ အသိပညာသင်တန်းပေးလျက်ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်ထံမှ သိရသည်။ 
ယခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို အလွတ်ကျက်ဖြေရသော မေးခွန်းများလျှော့ချကာ ကျောင်းသားကိုယ်တိုင် စဉ်းစားတွေးခေါ် ဖြေဆိုရသောမေးခွန်းများ ပိုမိုပါဝင်မည့် မေးခွန်းပုံစံသစ်ဖြင့်ပြောင်းလဲစစ်ဆေးမည်ဖြစ်ရာ အဆိုပါမေးခွန်းပုံစံသစ်ဆိုင်ရာ အသိပေးသင်တန်းကို ဆရာအဖွဲ့ချုပ်က အခမဲ့ပို့ချပေးနေခြင်းဖြစ်သည်။ 

တောင်ဒဂုံမြို့နယ် ဆရာအဖွဲ့ချုပ် ဒုဥက္ကဋ္ဌဦးဟန်ဝင်းထွန်းက “အဓိကက မေးခွန်းပုံစံ ပြောင်းသွားတာရယ်၊ ကလေးတွေက အခုနောက်ပိုင်းမှာ ၇ သိန်း လောက်ဖြေတာမှာ ၂ သိန်းကျော်ပဲ အောင်တယ်ဆိုတော့ အောင်ချက်က တော်တော်ကြီးကို နည်းတယ်။ ဒါကြောင့် ကိုယ့်မြို့နယ်မှာ အောင်ချက်မြင့်ဖို့ ဆရာကြီးတွေကိုပင့်ဖိတ်ပြီး သင်ပေးတာပါ”ဟု ဆိုသည်။ 

အဆိုပါသင်တန်းတွင် ဂုဏ်ထူး ဦးသိန်းနိုင်၊ ဦးနေအုပ်(စိန်ပေါလ်)စသည့် နာမည်ကြီးဆရာများပါဝင်ကာ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ၊ ဘောဂဗေဒ ဘာသာရပ် ၇ ခုကို ဒီဇင်ဘာလ ၂၈ ရက်မှ ၃၀ ရက်ထိ ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ် ရွှေစေတီဝိစာရကျောင်းတိုက်တွင် သင်တန်းပို့ချပေးနေခြင်းဖြစ်ပြီး အထက်တန်းသင် ဆရာ၊ ဆရာမ ၂၀၀ ဦးကျော်ပါ တက်ရောက်လျက်ရှိကြောင်း ဆရာအဖွဲ့ချုပ်ထံမှ သိရသည်။

The Voice

0 comments:

Post a Comment