Monday, December 31, 2018

မြိတ်တွင် ငါးဖမ်းရာသီ လေးလအတွင်း ရေလုပ်သား ၁၀၀ ကျော် ဖမ်းဆီးခံရ


မြိတ်ခရိုင်တွင် ယခုနှစ် ငါးဖမ်းရာသီ ကာလ လေးလအတွင်း ရေလုပ်သားတစ်ရာကျော် ဖမ်းဆီးခံရပြီး ထောင်အချုပ်ထဲသို့ ရောက်ရှိနေကြောင်း မြိတ်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနရုံးထံမှ သိရသည်။ 
ငါးဖမ်းရာသီ စတင်သည့် ဩဂုတ် လ ၁၅ ရက်မှ ဒီဇင်ဘာလ ၂၂ ရက်အထိ ၄ လကျော်ကာလအတွင်း လိုင်စင်မဲ့ ကင်းမွန်လှေ ၂၃ စီးဖမ်းမိခဲ့ပြီး ယင်းလှေများမှ လှေဦးစီး အပါအဝင်ရေလုပ်သား ၁၀၆ ဦး ထောင်အချုပ်ရောက်ရှိကာ အမှုရင်ဆိုင်နေရကြောင်း အထက်ပါရုံးထံမှ သိရသည်။ 

၎င်းတို့ကို မြိတ်ခရိုင်ငါးလုပ်ငန်းဦးစီး ဌာနက တရားလိုပြုလုပ်ကာ မြန်မာ့ပင်လယ် ငါးလုပ်ငန်းဥပဒေ ပုဒ်မ ၄၄ အရ တရားစွဲ ဆိုထားခြင်း ဖြစ်သည်။ 

၁၉၉၃ ခုနှစ်တွင် ပြန်လည်ပြင်ဆင်ခဲ့သည့် မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေကို ပြင်ဆင်သည့် ဥပဒေအရ ပုဒ်မ ၄၄ ကို ဖောက်ဖျက်ပါက ထောင်ဒဏ် ၁၀ နှစ် အထိဖြစ်စေ၊ ငွေဒဏ်ကျပ် သုံးသိန်းအထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည်ဟု ဖော်ပြထားသည်။ 

လိုင်စင်မရှိသည့်အတွက် အဖမ်းခံရသည့်လှေအများစုမှာ တဝ (ငါးဖမ်း) လိုင်စင် လျှောက်ထားသည့်လှေများဖြစ်ပြီး လက်ရှိ အချိန်တွင် တဝလိုင်စင်မထုတ်ပေးတော့ သဖြင့် လိုင်စင်မဲ့လှေသဘောမျိုးဖြစ်သွားပြီး အဖမ်းခံရခြင်းဖြစ်ကြောင်း မြိတ်ခရိုင် ကင်းမွန်လှေ လုပ်ငန်းရှင်အသင်းတွဲဖက် အတွင်းရေးမှူး ဦးဌေးလှိုင်က ပြောသည်။ 

တဝလိုင်စင်ဆိုသည်မှာ ယခင်က ဒေသလိုအပ်ချက်အရ ငါးလုပ်ငန်းဦးစီးဌာနက ထုတ်ပေးခဲ့သည့် လိုင်စင်တစ်မျိုးဖြစ်ပြီး လွန်ခဲ့သည့် သုံးနှစ်ခန့်မှစ၍ ထုတ်ပေးခြင်း မရှိတော့ပေ။ 

“လိုင်စင်က မလုပ်တာမဟုတ်ဘူး၊ လုပ်ရဲ့သားနဲ့ကို ချမပေးတာ” ဟု ဦးဌေးလှိုင်က ပြောသည်။ 

လိုင်စင်ချမပေးသော်လည်း စားဝတ်နေရေး အခက်အခဲကြောင့် အရဲစွန့်ကာ ပင်လယ်ပြင်ထွက်ကြသည့် လှေများ အဖမ်းခံနေရပြီး ရေလုပ်သားများ ထောင်အတွင်း ရောက်ရှိကာ ၎င်း၏ မိသားစုဝင်များလည်း စားဝတ်နေရေး ခက်ခဲလျက်ရှိကြောင်း ဦးဌေးလှိုင်က ဆိုသည်။ 

လိုင်စင်လာလျှောက်ကြသည့် ကမ်းနီးလှေအများစုမှာ ကမ်းနီးလိုင်စင်ထုတ်ပေးနိုင်သည့် စည်းကမ်းချက်နှင့် ညီညွတ်ခြင်းမရှိဘဲ သတ်မှတ်ထားသည့် လှေအရွယ်အစား အင်ဂျင်ပါဝါ စသဖြင့် ကြီးမားနေခြင်းကြောင့် ချပေးခြင်းမရှိကြောင်း မြိတ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူက ပြီးခဲ့သည့်နိုဝင်ဘာလအတွင်းက ပြောကြားဖူးသည်။ 

ကမ်းနီးလိုင်စင်သည် လှေအလျား ပေ ၃၀ နှင့် အင်ဂျင်ပါဝါ မြင်းကောင်ရေ ၂၅ ကောင်အောက်ရှိရမည်ဖြစ်ပြီး ကမ်းခြေရေအစပ်မှ ၁၀ မိုင်အတွင်း ငါးဖမ်းဆီး ခွင့်ရှိသည့်လိုင်စင်ဖြစ်ကြောင်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။ 

လက်ရှိတွင် ကမ်းနီးငါးဖမ်းလှေများမှာ ခေတ်ကာလအခြေအနေ၊ ပင်လယ်ရေပြင်တွင် ငါးရှာဖွေတွေ့ရှိမှု အခြေအနေအရ မူလကမ်းနီးသတ်မှတ်ချက်လှေအလျား၊ အင်ဂျင်ပါဝါထက် ကျော်လွန်နေသည်။ 

နိုင်ငံခြား ငါးခိုးဖမ်းလှေများအား ရည်ရွယ်၍ ယခင်ကထုတ်ခဲ့သည့် ဥပဒေဖြင့် ယခုမှပေါ်လာသည့် ကင်းမွန်မီးထွန်းလှေများအား ကိုင်တွယ်နေခြင်းမှာမဖြစ်သင့်ကြောင်း ကျွန်းစုမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်ရီက ပြောသည်။ 

ခေတ်နှင့်မလျော်ညီတော့သည့် ဥပဒေများနှင့် နိုင်ငံသူနိုင်ငံသားများအတွက်လည်း အကျိုးမရှိသည့် ဥပဒေများအား အမြန်ဆုံး ပြန်လည်ပြင်ဆင်ရန် ကြိုးစားနေကြောင်း ဒေါ်တင်တင်ရီက ဆိုသည်။ 

“ဒေသခံရေလုပ်သားတွေအတွက် ဒီဥပဒေက ဝန်နဲ့အား မမျှဘူးဖြစ်နေ တယ်” ဟု ၎င်းက ပြောသည်။ 

တရားမဝင်သည့် ငါးဖမ်းလှေများ၊ စည်းကမ်းနှင့်မညီသည့် ငါးဖမ်းလှေများအား ရေတပ်နှင့် ပင်လယ်ပြင်စိုးမိုးရေး တပ်များ ပူးပေါင်းဖမ်းဆီးပြီး မြိတ်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနသို့ လာရောက်အပ်နှံပြီး စစ်ဆေးကာ တရားစွဲဆိုခြင်းများ ပြုလုပ်နေကြောင်း မြိတ်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။

The Voice

0 comments:

Post a Comment