Monday, December 31, 2018

ကားဝယ်သည့်ကိစ္စ ဧရာဝတီတိုင်းလွှတ်တော် ဒုဥက္ကဋ္ဌကို ပါတီက အထူးခုံရုံးဖွဲ့စစ်

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် ကားဝယ်ယူခဲ့မှုနှင့်ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးစံမင်းအောင်ကို တိုင်ကြားမှုများရှိခဲ့သည့်အတွက် NLD ပါတီတွင်း အထူးခုံရုံးဖွဲ့ကာ စစ်ဆေးနေကြောင်း အဆိုပါ ပါတီထံမှ သိရသည်။ 
အဆိုပါဘဏ္ဍာနှစ်အတွင်းက လွှတ်တော်အတွက် အသုံးပြုရန် ကားဝယ်ယူခဲ့မှုနှင့်ပတ်သက်၍ ဧရာဝတီတိုင်းလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစံမင်းအောင်က ကားဝယ်ယူသည့် လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့၏ ခေါင်းဆောင်အဖြစ် ပါဝင်နေခြင်းကြောင့် တိုင်ကြားခံခဲ့ရခြင်းဖြစ်သည်။ 

တစ်ပတ်ရစ်မော်တော်ယာဉ် ငါးစီးဝယ်ယူခဲ့ခြင်းဖြစ်ပြီး အဆိုပါဝယ်ယူခဲ့မှုအပေါ် အလွဲသုံးစားမှုရှိကြောင်း တိုင်ကြားခံခဲ့ရခြင်းဖြစ်သည်။ 

ဦးစံမင်းအောင်ကို ပြီးခဲ့သည့်ရက် ပိုင်းအတွင်းက ပါတီဗဟိုက ခေါ်ယူစစ်ဆေးမေးမြန်းခဲ့ပြီး အခြားလွှတ်တော်ကိုယ်စားလှယ်များကိုလည်း စုံစမ်းနေကြောင်း ဧရာဝတီတိုင်းလွှတ်တော်ထံမှ သိရသည်။ 

၎င်းအနေနှင့် အဆိုပါ ကားဝယ်ယူမှုတွင် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့်အညီသာ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ပါတီ၏ စစ်ဆေးမှုကိုလည်း တာဝန်ယူဖြေရှင်းသွားမည်ဖြစ်ကြောင်း ဦးစံမင်းအောင်က ပြောကြားသည်။ 

“၂၀၁၇-၂၀၁၈ ဘတ်ဂျက်နဲ့ ပတ်သက်လို့ တိုင်းလွှတ်တော်စာရင်းစစ်ချုပ်ရဲ့ စစ်ဆေးတာလည်း ခံယူပြီးပါပြီ။ အခုဝယ်ယူထားတဲ့ ကားတွေက အခွန်ဆောင်တာတွေနဲ့ Second ပြန်ဝယ်တာဖြစ်လို့ ပြင်ရတာတွေရှိတာကို နားလည်မှုလွဲလို့ တိုင်ကြားတယ်လို့ ထင်ပါတယ်”ဟု ၎င်းက ဆိုသည်။ 

အဆိုပါတိုင်ကြားခံရမှုနှင့် ပတ်သက်၍ ပါတီတွင်း အထူးအဖွဲ့တစ်ခုကိုဖွဲ့ကာ စစ်ဆေးနေပြီး လက်ရှိတွင်စစ်ဆေးနေဆဲသာဖြစ်ကြောင်း NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောကြားသည်။ 

“တိုင်ကြားမှုတွေရှိခဲ့လို့ အခု အထူးအဖွဲ့ဖွဲ့ စစ်ဆေးနေတယ်။ စစ်ဆေးနေဆဲ ဖြစ်ပါတယ်။ အထူးအဖွဲ့ရဲ့ အစီရင်ခံစာ အပေါ်မူတည်ပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဆုံးဖြတ်ရမှာပါ” ဟု ၎င်းက ဆိုသည်။

The Voice

0 comments:

Post a Comment