Sunday, December 30, 2018

လွိုင်ကော်တွင် ကန့်ကွက်သူများအမှု စုပေါင်းရုံးဖြင့် တရားရင်ဆိုင်ခွင့်ရ

ကယားပြည်နယ်အစိုးရက လွိုင်ကော်မြို့တွင် ဗိုလ်ချုပ်ကြေးရုပ်ထားရှိရန် လုပ်ဆောင်မှုကို ကန့်ကွက်သူ ကရင်နီလူငယ် ၂၃ ဦး တရားစွဲခံထားရသည့်အနက် ပုဒ်မ ၅၀၅ (ခ)ဖြင့် တရားစွဲခံထားရသူ ကရင်နီလူငယ် ၉ ဦးကို ယင်းပြည်နယ်တရားရုံးက ဒီဇင်ဘာ ၂၈ ရက်နေ့က တရားရင်ဆိုင်ခွင့်ပြုလိုက်ကြောင်း တရားစွဲဆိုခံထား ရသူတစ်ဦးဖြစ်သည့် မျိုးလှိုင်ဝင်း (ခ) ပါစကွားလယ်က ပြောကြားသည်။ 
၎င်းတို့သည် ဒီမော့ဆိုတရားရုံး အပါအဝင် မြို့နယ်တရားရုံး ငါးခုတွင် တရားရင်ဆိုင်ခဲ့ကြရသည်မှာ အစိုးရရုံးဖွင့်ရက်တိုင်းဖြစ်နေသည့်အတွက် စုပေါင်းရုံးဖြင့် တရားရင်ဆိုင်ခွင့်ပြုရန် အောက်တိုဘာလ ၁၇ ရက်နေ့က တင်ပြခဲ့ရာ အားလုံးကို တစ်စုတစ်စည်းတည်းအဖြစ် ဒီမော့ဆိုတရားရုံးတွင် ဆက်လက် တရားရင်ဆိုင်ခွင့် ပြုလိုက်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

ဗိုလ်ချုပ်ကြေးရုပ် ကန့်ကွက်ခြင်းနှင့်ပတ်သက်ပြီး ကရင်နီလူငယ် ၂၃ ဦးကို ဇူလိုင်လ ၅ ရက်နေ့က နိုင်ငံတော်ကို အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) (ဂ)နှင့် ငြိမ်းစုစီပုဒ်မ ၁၉/၂၀ တို့ဖြင့် တရားစွဲဆိုထားရာ ဩဂုတ်လ နောက်ဆုံးပတ်က သက်ဆိုင်ရာ နယ်မြေတရားရုံးများတွင် အချုပ်လွှတ် တရားရင်ဆိုင်ခွင့် ရရှိခဲ့သည်။ 

ဒီမော့ဆိုမြို့နယ်တရားရုံးတွင် ပုဒ်မ ၅၀၅ ခ နှင့် တရားရင်ဆိုင်ကြမည့် ကရင်နီလူငယ် ၉ ဦးတွင် မျိုးလှိုင်ဝင်း(ခ) ပါစကွားလယ်၊ ဒီးဒီ၊ ခွန်သောမက်၊ ဖိလစ်စိုးအောင်၊ ကောရီယို၊ ဘွဲ့ထူး၊ ကာမေလား၊ ရိုစီကျော်နှင့် ဖရန့်စစ္စကို တို့ပါဝင်ပြီး တရားမျှတမှုမရှိသည့် ဥပဒေပုဒ်မများနှင့် တရားစွဲဆိုခံထားရခြင်းကို ဆက်လက် ရင်ဆိုင်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ၎င်းတို့က တညီတညွတ်တည်းဆိုသည်။ 

လူငယ်ကိုးဦးကို ဒီမော့ဆို တရားရုံးတွင် စုပေါင်းပြီး တရားရင်ဆိုင်ခွင့်ပြုလိုက်သည့်ဆိုသည့် ကိစ္စမှာ ပြည်နယ်တရားရုံး ညွှန်ကြားစာ မိမိတို့ထံရောက်လာခြင်း မရှိသေးကြောင်း၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ)သည် မြို့နယ် ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ပြီး တရားစွဲဆိုထားခြင်းသာ ဖြစ်ကြောင်း ဒီမော့ဆိုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင်က ပြောကြားသည်။ 

ကယားပြည်နယ် လွိုင်ကော်မြို့နယ် ကန္ဒာဟေဝန်ပန်းခြံတွင် ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူရန်အစိုးရက ယခုနှစ်ဦးပိုင်းက စတင်ပြင်ဆင်ခဲ့ခြင်းကို လူငယ်များက ဆန္ဒထုတ်ဖော်၍ သော်လည်းကောင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းဖြစ်သော်လည်းကောင်း၊ ကြေးရုပ်လာမည့်လမ်းတွင် ပိတ်ဆို့စောင့်ဆိုင်းခြင်းဖြင့်သော်လည်းကောင်း နည်းလမ်းအမျိုးမျိုးဖြင့် အပြင်းအထန် ကန့်ကွက်ခဲ့သည့်အတွက် အစိုးရနှင့် လူငယ်များအကြား ပဋိပက္ခ ပြင်းထန်လာခဲ့သည့်အတွက် ပြည်နယ်အစိုးရက ကြေးရုပ်စိုက်ထူရေးကော်မတီကို ဇူလိုင်လ ၂၃ ရက်နေ့က ရပ်ဆိုင်းပေးခဲ့သော်လည်း ငြိမ်းစုစီပုဒ်မ ၁၉/၂၀ နှင့် နိုင်ငံတော်ကို အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) (ဂ)တို့ဖြင့် ကရင်နီ လူငယ်၂၃ ဦးသည် လွိုင်ကော်၊ ဒီမော့ဆို၊ ဖရူဆို၊ ဖားဆောင်းနှင့် ဘောလခဲမြို့နယ်များတွင် တရားရင်ဆိုင်နေကြရသည်။

The Voice

0 comments:

Post a Comment