Sunday, December 30, 2018

BPI စက်ရုံမှ ဆေးဘူးခွံများ၏ ထုပ်ပိုးမှုပုံစံများကို Suntec ကုမ္ပဏီနှင့်ပူးပေါင်း၍ အဆင့်မြှင့်တင်နေပြီး ဆေးဘူးခွံအသစ်များဖြင့် စတင်ထုတ်လုပ်


BPI စက်ရုံမှ ဆေးဘူးခွံများ၏ ထုပ်ပိုးမှုပုံစံများကို Suntec ကုမ္ပဏီနှင့် ပူးပေါင်း၍ အဆင့်မြှင့်တင်ထားပြီး ဆေးဘူးခွံအသစ်များဖြင့် ထုတ်လုပ်လျက်ရှိကြောင်း မြန်မာ့ဆေးဝါးလုပ်ငန်းမှ သိရသည်။

ဆေးဝါးစက်ရုံ(အင်းစိန်) အနေဖြင့် လက်ရှိ ပြည်တွင်းလုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ Public Private Partnership (PPP) အနေဖြင့် ဆောင်ရွက်ထားပြီး ပလတ်စတစ် ဆေးဘူးခွံထုတ်လုပ်ရေး အဆောက်အအုံများပြင်ဆင်ခြင်း၊ ဆေးဘူးခွံထုတ်လုပ်သည့် Blow Moulding စက်များနှင့် ဆေးဘူး အဖုံးထုတ်လုပ်သည့် Injection Moulding စက်များ အထိုင်ချ တပ်ဆင်ခြင်းလုပ်ငန်းများကိုလည်း လုပ်ဆောင်ပြီးဖြစ်ကြောင်း သိရသည်။

BPI စက်ရုံမှ ထုတ်လုပ်သောဆေးဝါးအသစ်များ၏ ဖော်မြူလာများနှင့် အာနိသင် အောင်မြင်မှု ရှိ မရှိကို ဆေးဝါးတက္ကသိုလ်များ၊ ဆေးတက္ကသိုလ်များ၊ ဆေးသုတေသနဌာနများနှင့် ပူးပေါင်း၍ စမ်းသပ်လျက်ရှိကြောင်း၊ လက်ရှိ ဆေးဝါး စက်ရုံ (အင်းစိန်)မှ ထုတ်လုပ်သော ဆီးချိုဝေဒနာရှင်များအတွက် 'Metformin Tablet' ၏ အရည်အသွေး နှင့် ပတ်သက်၍ ဆေးဝါးတက္ကသိုလ် (ရန်ကုန်) တွင် စမ်းသပ်ပြီးဖြစ်ကြောင်းနှင့် လက်ရှိ ဆေးဝါးတက္ကသိုလ် (ရန်ကုန်)၊ ဆေးတက္က သိုလ်(ရန်ကုန်)တို့နှင့်ပူးပေါင်း၍ ဆောင်ရွက်ဆဲ သုတေသနလုပ်ငန်းများလည်း ရှိကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ ခုနှစ်အတွင်း BPI မှ ထုတ်လုပ်သော ဆေးဝါးများ ကျပ် ၃၆ ဒသမ ၉၄၂ ဘီလျံရောင်းချနိုင်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အများဆုံး ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

BPI မှ ထုတ်လုပ်သော ဆေးဝါးများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကျပ်၂၆ ဒသမ ၈၁၇ ဘီလျံအထိ အများဆုံးဝယ်ယူခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာနမှ ကျပ်  ၂  ဒသမ ၄၀၇ ဘီလျံ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ကျပ် ၀ ဒသမ ၁၈၀ ဘီလျံနှင့် ပုဂ္ဂလိကဆေးရုံများနှင့် အရောင်းကိုယ်စားလှယ်များမှ ကျပ် ၇ ဒသမ ၅၃၈ ဘီလျံအထိ ဝယ်ယူခဲ့ကြောင်း သိရသည်။

ဆေးဝါးစက်ရုံ (အင်းစိန်) တွင် ပြည်တွင်း၌ ထုတ်လုပ်နိုင်ခြင်း မရှိသည့် ဆေးဝါးအမည်သစ်များကို တိုးချဲ့ထုတ်လုပ်လျက်ရှိ ပြီး အမေရိကန်နှင့် စပိန်နိုင်ငံတို့မှ ကျော်ကြားသည့် ဆေးထုတ်လုပ်ရေးကုမ္ပဏီများ  ဖြင့် အကျိုးတူပူးပေါင်း၍ဆေးထုတ်လုပ်ရေး လိုင်းသစ်များ ထပ်မံတိုးချဲ့လုပ်ဆောင်ရန် စီစဉ်နေကြောင်း သိရသည်။

ဆေးဝါးစက်ရုံ(အင်းစိန်)တွင် ကင်ဆာရောဂါ ကုသဆေး (Oncology) ၊ ဗိုင်းရပ်စ်သတ်ဆေး (Anti Viral) နှင့် ရောဂါကာကွယ်ဆေး (Vaccine) ဆေးဝါးများကို အမေရိကန်နှင့် စပိန်နိုင်ငံတို့မှ ကျော်ကြားသည့် ဆေးထုတ်လုပ်ရေး ကုမ္ပဏီများဖြင့် အကျိုးတူ ပူးပေါင်း၍ ဆေးထုတ်လုပ်ရေး လိုင်းသစ်များ ထပ်မံတိုးချဲ့လုပ်ဆောင်ရန် စီစဉ်နေကြောင်းနှင့် ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ဆေးဝါးအမည်သစ် ၂၁ မျိုးကို ထုတ်လုပ်ခဲ့ပြီး နှလုံး၊ ကျောက်ကပ်၊ အစာအိမ်ရောဂါ ကုသဆေး အပါအဝင် ဆေးဝါးအမည်သစ်များကို FDA အတည်ပြုချက် ရရှိရန် လျှောက်ထားလျက်ရှိသည်။

မြန်မာ့ဆေးဝါးလုပ်ငန်းအနေဖြင့် ၂၀၁၆-၂၀၁ရဘဏ္ဍာနှစ်အတွင်း ဆေးဝါးအမည်သစ်၂၄ မျိုးနှင့် ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ဆေးဝါးအမည်သစ် ၂၁ မျိုးကို တီထွင်စမ်းသပ်ထုတ်လုပ်ခဲ့ရာ ဆေးဝါး ၁၇ မျိုးသည် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန FDA ၏ ခွင့်ပြုချက်ရရှိပြီးဖြစ်၍ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချလျက်ရှိကြောင်း၊ လက်ရှိတွင် ဆေးပြား၊ ဆေးတောင့်အမျိုးမျိုး၊ ဆေးဆီ၊ ဆေးရည်အမျိုးမျိုး၊ ထိုးဆေးနှင့် သွေးကြောသွင်းဆေးရည်အမျိုးမျိုး အပြင် မြွေဆိပ်ဖြေဆေး စသည့်ဆေးဝါးထုတ်ကုန် အမျိုးပေါင်း ၁၉၇ မျိုးကို ထုတ်လုပ်နေကြောင်းနှင့် အင်းစိန် ဆေးဝါးစက်ရုံမှာ အင်းစိန်မြို့နယ်၊ ကြို့ကုန်းအနောက်ရပ်ကွက်တွင် တည်ရှိပြီး ၁၉၅၈ ခုနှစ်၊ ဧပြီ ၂၃ ရက်က စတင် ဖွင့်လှစ်ခဲ့ရာ ၁၉၆၅ ခုနှစ်မှ စတင်ကာ မြွေဆိပ် ဖြေဆေးများကို ထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Eleven Media Group

0 comments:

Post a Comment