ဧရာဝတီတိုင်းဒေသကြီး မြောင်းမြတံတားသစ်တည်ဆောက်နေမှုမှာ ဒီဇင်ဘာလ နောက်ဆုံးပတ်က ၇၆ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်၍ မတ်လအတွင်းပြီးစီးရန် တည်ဆောက်နေကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။ 
ဧရာဝတီတိုင်း မြောင်းမြမြို့ ကွယ်လွယ်ကျေးရွာဘက်ကမ်းနှင့် မြောင်းမြမြို့မ ဘက်ကမ်းတို့၏ နှစ်ဖက်တံတား သံဘောင်များ ချိတ်ဆက်ပြီးစီးနေပြီး ကြမ်းခင်းနှင့် ကျန်အပြီးသတ်လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေကြောင်း ဧရာဝတီတိုင်း လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက The Voice သို့ ပြောကြားသည်။ 
“မတ်လအတွင်းပြီးဖို့ ကြိုးစားဆောင်ရွက်နေပါတယ်။ ပြည်ထောင်စု အစိုးရရဲ့အစီအစဉ်နဲ့ တည်ဆောက်တာပါ။ ဂျပန်နည်းပညာကို မြန်မာအင်ဂျင်နီယာ ကြီးကြပ်တည်ဆောက်နေတာပါ။ တံတားရဲ့ အောက်ဘက်ပိုင်းမှာ တံတားကြံ့ခိုင်မှုကို အချိန်အခါမရွေး စစ်ဆေးနိုင်မယ့် လျှောက်လမ်းလည်း ပါဝင်တယ်”ဟု ၎င်းကဆိုသည်။ 
၂၀၁၈ ဧပြီလ ၁ ရက်က ယင်းတံတား သစ်နှင့်ယှဉ်လျက် တည်ဆောက်ထားသည့် သက်တမ်း၂၂ နှစ်ရှိ မြောင်းမြမြစ်ကူး ကြိုးတံတားပြုတ်ကျပြီးနောက် Steel Truss Type အမျိုးအစားကို ဂျပန်နိုင်ငံ J.F.E ကုမ္ပဏီနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ ဆက်စပ်တည်ထောင်ထားသည့် J & M Steel Solution မှ ဒီဇိုင်းရေးဆွဲပြီး မြန်မာအင်ဂျင်နီယာများက တည်ဆောက်နေခြင်းဖြစ်သည်။ 
ယင်းမြောင်းမြ (ရွေးမြစ်) မြစ်ကူးတံတားသစ်သည် နှစ်ဖက်ချဉ်းကပ်တံတားများအပါအဝင် စုစုပေါင်းတံတားအရှည် ၂၇၂၃ ပေ၊ တံတားအကျယ် ၃၄ ပေ၊ ယာဉ်သွားလမ်း ၂၈ ပေ၊ လူသွားလမ်း တစ်ဖက်လျှင် ၃ ပေ၊ ရေပြင်မှ ကင်းလွတ် ၄၆ ပေ ရှိပြီး တံတား၏ ကာလတန်ဖိုး ကျပ်သန်းပေါင်း နှစ်သောင်းကျော်ကုန်ကျမည်ဖြစ်ကြောင်း ပြည်ထောင်စုအထူးတံတား အဖွဲ့ထံမှ သိရသည်။
The Voice
 







 
 
 
 
 
0 comments:
Post a Comment