Monday, December 31, 2018

Huawei နှင့်ပူးပေါင်း၍ နည်းပညာ၊ ကွန်ပျူတာတက္ကသိုလ်များတွင် အိုင်စီတီဒီပလိုမာသင်တန်းများ ဖွင့်မည်

မြန်မာကျောင်းသားများ သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်း ပညာ (အိုင်စီတီ) စွမ်းရည်ဖွံ့ ဖြိုးတိုးတက်စေရန် Huawei ကုမ္ပဏီနှင့်ပူးပေါင်း၍ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာ တက္ကသိုလ်များတွင် အိုင်စီတီဒီပလိုမာ သင်တန်းများဖွင့်လှစ်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနထံမှ သိရသည်။ 
အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်ဒေါက်တာသိန်းဝင်းက “ဒီအတွက် Huawei နဲ့ MoU ထိုးပြီးသွားပြီ။ သူကတော့ နည်းပညာကျောင်းပဲဖြစ်ဖြစ် ကွန်ပျူတာကျောင်းပဲဖြစ်ဖြစ် သင်ရိုးတွေ ညှိပြီးစလုပ်တော့မှာဖြစ်ပါတယ်။ ဖွင့်ဖို့ အချိန်တွေကတော့ ဆွေးနွေးတုန်းပဲရှိသေးတယ်။ စဖို့တော့ပြင်ဆင်နေပါပြီ” ဟု ပြောကြားသည်။ 

ပညာရေးဝန်ကြီးဌာနနှင့် အိုင်စီတီ အဆောက်အအုံနှင့်အီလတ်ထရွန်နစ် ကိရိယာများဖြန့်ဖြူးသော ကုမ္ပဏီကြီးဖြစ်သည့် Huawei နှင့် ပညာရေးဝန်ကြီးဌာနတို့ကြား နားလည်မှုစာချွန်လွှာကို ဒီဇင်ဘာလ ၂၉ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ Melia ဟိုတယ်၌ လက်မှတ်ရေးထိုးခဲ့သည်။ 

“စာချုပ်အရ နည်းပညာဆိုင်ရာတက္ကသိုလ်တိုင်းမှာဖွင့်ဖို့ ရည်ရွယ်ပါတယ်။ အဲဒီမှာရှိတဲ့ ထူးချွန်တဲ့ကျောင်းသားတိုင်း၊ အိုင်စီတီနဲ့ဆိုင်တဲ့ ကျောင်းသားတိုင်း တက်နိုင်ဖို့မျှော်မှန်းထားပါတယ်။ အဓိကက ပညာရေးဝန်ကြီးဌာနက ဆောင်ရွက်ချက်အပေါ်မှာ အကောင်းဆုံးပံ့ပိုးသွားဖို့ မျှော်မှန်းထားပါတယ်” ဟု Huawei ကုမ္ပဏီတာဝန်ရှိသူတစ်ဦးက ဆိုသည်။ 

မြန်မာတစ်နိုင်ငံလုံးအနေနှင့် ကွန်ပျူတာတက္ကသိုလ် ၂၇ ကျောင်းနှင့် နည်းပညာတက္ကသိုလ် ၃၃ ကျောင်းရှိပြီး ဒီပလိုမာ သင်တန်းများဖွင့်လှစ်နိုင်ရေးအတွက် ဆရာ၊ ဆရာမများကိုပထမဦးဆုံး လေ့ကျင့်ပေးမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ 

စာချွန်လွှာအရ အိုင်စီတီဒီပလိုမာ သင်ရိုးစနစ်တည်ဆောက်ရေး၊ အနာဂတ်အတွက် မျိုးစေ့များအစီအစဉ်၊ Hauwei က လုပ်ပိုင်ခွင့်ပြုသော သတင်းနှင့် ကွန်ရက်အကယ်ဒမီတည်ထောင်ရေး၊ ထူးချွန်တက္ကသိုလ်ကျောင်းသားများအား အိုင်စီတီစွမ်းရည် ပညာသင်ဆုချီးမြှင့်ရေးများပါဝင်သည်။ 

ထို့အပြင် လူငယ်ပွင့်လင်းနေ့တွင် စိတ်ပါဝင်စားသည့်ကျောင်းသားများကို Huawei သုံးစွဲသူဖြေရှင်းရေးဆန်းသစ်တီထွင်မှုနှင့် ပေါင်းစည်းမှုစင်တာ၌ လေ့လာခွင့်နှင့် အိုင်စီတီနှင့်ဆက်စပ်သော သိပ္ပံသုတေသနများအတွက် ထောက်ပံ့ပေးရေး စသည့်အချက်များကို ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။ 

Huawei ကုမ္ပဏီအနေနှင့် ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်းကာ ၂၀၁၅ ခုနှစ်ကစ၍ မြန်မာကျောင်းသားများကို အိုင်စီတီစွမ်းရည်ပညာသင်ဆုများပေးအပ်နေခြင်းဖြစ်ပြီး ယခုနှစ်အတွက်လည်း ထူးချွန်တက္ကသိုလ်ကျောင်းသား ၅၀ ဦးကို တစ်ဦးလျှင် အမေရိကန်ဒေါ်လာတစ်ထောင်စီ ပညာသင်ဆု ချီးမြှင့်ပေးခဲ့သည်။

The Voice

0 comments:

Post a Comment