Monday, December 31, 2018

သင်္ဃန်းကျွန်းတွင် ထိုင်ဝမ်နိုင်ငံသား နေအိမ်ကို အနုကြမ်း ဝင်စီး

သင်္ဃန်းကျွန်းမြို့နယ်၊ (ဆ/က) ရပ်ကွက်၊ ကြိုးစက်လမ်းရှိ ထိုင်ဝမ်နိုင်ငံ သား အမျိုးသား၏ နေအိမ်၌ ဒီဇင်ဘာလ ၂၉ ရက် နံနက်ပိုင်းတွင် အမျိုးသားနှစ်ဦးက ဝင်ရောက်အနုကြမ်းစီးပြီး ငွေနှင့် လက်ကိုင်ဖုန်းကို ယူဆောင်သွားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 
အနုကြမ်းစီးခံရသူ ထိုင်ဝမ်နိုင်ငံသား အသက် ၅၉ နှစ် Mr.Wang Liang Chuan (ခ) ဦးအောင်မင်းမှာ Business Visa ဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး သင်္ဃန်းကျွန်းမြို့နယ်၊ ဆ/က ရပ်ကွက်၊ ကြိုးစက်လမ်းရှိ နေအိမ်တစ်အိမ်တွင် နေထိုင်ကာ တရုတ်စကားပြောဆရာလုပ်ကိုင်နေသူဖြစ်ပြီး ဒီဇင်ဘာလ ၂၉ ရက် နံနက် ၁၀ နာရီခွဲက ယင်းရပ်ကွက် အတွင်း ဆိုက်ကားနင်းနေသူ သန့်ဇင်ဦးနှင့် အမည်မသိ အမျိုးသားတစ်ဦးသို့ နေအိမ်ရောက်ရှိလာပြီးနောက် ထိုင်ဝမ်နိုင်ငံသားကို ဝိုင်းထိုးကြိတ်ကန်ကျောက်ပြီး ကျပ် သိန်း ၂၀ နှင့် လက်ကိုင်ဖုန်းတစ်လုံးကို ယူဆောင်သွားခဲ့သည်။ 

“ထိုင်ဝမ်နိုင်ငံသားနဲ့ ဆိုက်ကားနင်းသူက ခင်မင်သိကျွမ်းကြတယ်။ အခင်းဖြစ်မနက်က ထိုင်ဝမ်နိုင်ငံသား လေဆိပ်ရောက်နေချိန် ဆိုက်ကားနင်းသူက ဖုန်းဆက်တယ်။ အခု ဘယ်ရောက်နေလဲ အိမ်မှာလားမေးလို့ ထိုင်ဝမ်နိုင်ငံသားက သူအပြင် ရောက်နေတယ်၊ ခဏနေ သင်္ဃန်းကျွန်း ပြန်ရောက်ရင် ဖုန်းပြန်ဆက်ပေးမယ်လို့ ပြောခဲ့တာ၊ တစ်နာရီလောက်အကြာမှာ အိမ်ပြန်ရောက်လို့ ဆိုက်ကားသမားဆီ ဖုန်းလှမ်းဆက်လိုက်တော့ ဆိုက်ကားနင်းသူနဲ့နောက် အမည်မသိ အမျိုးသား တစ်ယောက်ပါ နေအိမ် ရောက်လာကြ တယ်။ ထိုင်ဝမ်နိုင်ငံသားက ရေတိုက်ပြီး ဧည့်ခံစကားပြောနေချိန် သူတို့နှစ်ယောက်က ထိုင်ဝမ်နိုင်ငံသားကို ဝိုင်းချုပ်ပြီး မီးဖိုခန်းထဲ ဆွဲခေါ်ထိုးကြိတ် ကန်ကျောက် ရင်းနဲ့ ရှိတဲ့ငွေတွေ အကုန်ထုတ်ပေးခိုင်းလို့ ဗီရိုထဲမှာရှိတဲ့ ကျပ်သိန်း ၂၀ ထုတ်ပေး လိုက်ရတယ်။ ပြစ်မှုကျူးလွန်သူ နှစ်ယောက်က ငွေတွေအပြင် လက်ကိုင်ဖုန်းတစ်လုံးနဲ့ အိမ်သော့တွေပါ ယူသွားတယ်လို့ တိုင်ချက်အရ သိရပြီး လတ်တလော တရားခံတွေကိုမမိသေးဘူး”ဟု ရဲအရာရှိက ပြောသည်။ 

ထိုးကြိတ်ကန်ကျောက်ခံရသူ ထိုင်ဝမ်နိုင်ငံသားမှာ ခန္ဓာကိုယ်အနှံ့ ဖူးရောင်နာကျင်ဒဏ်ရာများ ရခဲ့သဖြင့် နေအိမ်ထဲ အနုကြမ်းဝင်စီးသူ သန့်ဇင်ဦးနှင့် အမည်မသိအမျိုးသား တစ်ဦးကို သင်္ဃန်းကျွန်းမြို့မရဲစခန်းက (ပ) ၉၈၇/၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၈၆/ ၃၂၅/၁၁၄ ဖြင့် အမှုဖွင့်ပြီး ဖမ်းဆီးအရေးယူနိုင်ရန် စုံစမ်းဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

The Voice

0 comments:

Post a Comment