Sunday, December 30, 2018

ပဲ့စင်ကျွန်း အပါအဝင် ကျွန်း/ကမ်းခြေနေရာလေးခုတွင် အပန်းဖြေစခန်းလုပ်ရန် မြေနေရာလျှောက်ထားမှု ကန့်ကွက်လွှာခေါ်


ပဲ့စင်ကျွန်းအပါအဝင် ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်းရှိ ကမ်းခြေလေးခုတွင် အပန်းဖြေစခန်း ဆောက်ရန် မြေနေရာ လျှောက်ထားမှုအပေါ် ကန့်ကွက်နိုင်ကြောင်း လောင်းလုံးမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန (မြေစာရင်း) ထံမှ သိရသည်။ 
အပန်းဖြေစခန်း ဆောက်ရန်အတွက် လောင်းလုံးမြို့နယ်အတွင်းရှိ ပဲ့စင်ကျွန်း၊ ကျောက်တွင်းကမ်းခြေ၊ စမ်းလှမ်းရွာအနီးရှိ ကျွန်းတစ်ကျွန်းနှင့် ပညစ်ကျွန်းတို့တွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းအား လုပ်ကိုင်ခွင့် လျှောက်ထားမှုအပေါ် ကန့်ကွက်လွှာ ခေါ်ယူနေခြင်းဖြစ်သည်။ 

အဆိုပါ နေရာလေးခုတွင် လုပ်ကိုင်ခွင့် လျှောက်ထားမှုအပေါ် ယခုနှစ် ဒီဇင်ဘာလ ၇ ရက်မှ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၅ ရက်အထိ လာရောက် ကန့်ကွက်နိုင်ကြောင်း မြို့နယ်မြေစာရင်း ဌာနထံမှ သိရသည်။ 

ဧက ၁၄၀ ရှိ ပဲ့စင်ကျွန်းကို ရန်ကုန်မြို့ရှိ Excellent Fortune Develop-ment Group ကုမ္ပဏီက နိုင်ငံတကာ အဆင့်မီ ခရီးသွားလုပ်ငန်းများ၊ အပန်းဖြေ ဝန်ဆောင်မှုလုပ်ငန်းများ၊ ဇိမ်ခံသင်္ဘောများ ရပ်နားနိုင်သည့် ဆိပ်ကမ်း၊ ရေပေါ် ရေအောက် ကစားကွင်းများနှင့် အိမ်ရာ စီမံကိန်းလုပ်ရန်အတွက် မြေလွတ် မြေလပ်နှင့် မြေရိုင်း အသုံးပြုခွင့် လျှောက်ထားကြောင်း အထက်ပါရုံးထံမှ သိရသည်။ 

အဆိုပါ Excellent Fortune Develop-ment Group ကုမ္ပဏီသည် အောက်တိုဘာလအတွင်းက ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန်ဟုဆိုကာ ငွေကျပ်သိန်းငါးရာကို တိုင်းအစိုးရအဖွဲ့ထံ လှူဒါန်းခဲ့ကြောင်း တိုင်းအစိုးရအဖွဲ့၏ တရားဝင် ဖေ့စ်ဘွတ်ခ်တွင် ဖော်ပြထားသည်။ 

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းအပေါ် လုပ်ကိုင်ခွင့်ကို အထက်ပါ ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ ဦးစိုင်းမျိုးဝင်း အမည်ဖြင့် လျှောက်ထားခဲ့ခြင်းဖြစ်သည်။ 

ကျောက်တွင်းကျေးရွာအုပ်စု ကျောက်တွင်းကမ်းခြေရှိ မြေအကျယ်အဝန်း ၁၃၈ ဧကပေါ်တွင် နိုင်ငံတကာ အဆင့်မီ ခရီးသွားလုပ်ငန်း၊ အပန်းဖြေ ဝန်ဆောင်မှုလုပ်ငန်းနှင့် အိမ်ရာစီမံကိန်း လုပ်ဆောင်ရန် ရန်ကုန်မြို့ရှိ ရတနာစိုင်းကောင်းမြတ်ကျော် သတ္တုတူးဖော်ရေး ကုမ္ပဏီလျှောက်ထားခဲ့ကြောင်း လောင်းလုံးမြေစာရင်းရုံးထံမှ သိရသည်။ 

အထက်ပါ ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ ဦးစိုင်းမျိုးဝင်းအမည်ဖြင့် လျှောက်ထားခဲ့ခြင်းဖြစ်ပြီး အထက်ဖော်ပြပါ Excellent Fortune Develop-ment Group ကုမ္ပဏီ၏ မန်းနေးဂျင်းဒါရိုက်တာနှင့် တစ်ဦးတည်း ဟုတ်/မဟုတ်ကိုမူ သီးခြား အတည်ပြုနိုင်ခြင်း မရှိပေ။ 

စမ်းလှမ်းကမ်းခြေအနီး ၇.၉၈ ဧက အကျယ်အဝန်းရှိသည့်ကျွန်းကိုမူ ခရီးသွားလာရေးလုပ်ငန်းနှင့် ကမ္ဘာ့အဆင့်မီ အပန်းဖြေ ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်ရန် ရန်ကုန်မြို့ရှိ First Golden Dragon Construction ကုမ္ပဏီ၏ ဒါရိုက်တာ ဒေါ်နန်းခင်မြင့်ရီက လျှောက်ထားခဲ့ကြောင်း အထက်ပါရုံးထံမှ သိရ သည်။ 

ပညစ်ကျေးရွာအုပ်စု အကျယ်အဝန်း ၁၁.၉၉ ဧကရှိ ပညစ်ကျွန်းတွင် ဟိုတယ်နှင့် ကမ္ဘာ့အဆင့်မီ အပန်းဖြေ ဝန်ဆောင်မှု လုပ်ငန်းအတွက် စိုးနိုင်ဖြိုး ကုမ္ပဏီ၏ ဒါရိုက်တာ ဒေါ်နန်းခင်မြင့်ရီက လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း မြို့နယ် မြေစာရင်းရုံးထံမှ သိရသည်။ 

First Golden Dragon Construction ကုမ္ပဏီ၏ ဒါရိုက်တာနှင့် စိုးနိုင်ဖြိုး ကုမ္ပဏီတို့၏ ဒါရိုက်တာ အမည်တွင် ဒေါ်နန်းခင်မြင့်ရီဟု ဖော်ပြထားပြီး နေရပ်လိပ်စာလည်း တစ်ထပ်တည်း တူညီနေသည်ကို တွေ့ရသည်။ 

ကျောက်တွင်းကမ်းခြေတွင် ရတနာစိုင်းကောင်းမြတ်ကျော် သတ္တုတူးဖော်ရေးကုမ္ပဏီ၏ မြေလွတ်မြေလပ်နှင့် မြေရိုင်း လုပ်ကိုင်ခွင့် လျှောက်ထားမှုအပေါ် ယခင်လျှောက်ခဲ့ဖူးသူ သုံးဦးက ကန့်ကွက်ထားကြောင်း မြေစာရင်းဦးစီးဌာန လောင်းလုံးမြို့နယ် ဦးစီးမှူး ဦးအောင်ထွေးက ဆိုသည်။ 

ကန့်ကွက်လွှာတင်ထားခြင်းနှင့် ပတ်သက်၍ ဒီဇင်ဘာလ ၁၄ ရက်တွင် ထားဝယ်ခရိုင် မြေလွတ်မြေလပ်နှင့် မြေရိုင်းစီမံခန့်ခွဲမှု ကော်မတီထံ ထပ်မံတင်ပြထားကြောင်း ၎င်းက ပြောသည်။ 

မြေလွတ် မြေလပ်နှင့် မြေရိုင်းပေါ်တွင် လုပ်ကိုင်ခွင့်လျှောက်ထားမှုနှင့် ပတ်သက်၍ ကန့်ကွက်လွှာများ တင်နိုင်ရန် လျှောက်ထားသည့် မြေနေရာ၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများနှင့် မြို့နယ်မြေစာရင်းရုံးတို့တွင် ကြေညာပေးထားကြောင်း ဦးအောင်ထွေးက ဆိုသည်။ 

“ကန့်ကွက်လွှာ တစ်စောင်လာရင် တစ်စောင်တင်ပေးတယ်”ဟု မြို့နယ်မြေ စာရင်းဦးစီးမှူး ဦးအောင်ထွေးက ပြောသည်။ 

လက်ရှိလျှောက်ထားသည့် ပဲ့စင်ကျွန်းမှာ လှိုင်းလေကြီးချိန်တွင် ဒေသခံငါးဖမ်းလှေများ ဝင်ရောက်ခိုအောင်းရာနေရာ ဖြစ်သည့်အပြင် ရေချိုဖြည့်တင်းရာ နေရာတစ်ခုဖြစ်နေကြောင်း တီဇစ် ကျေးရွာ ဖိုးလမော်ကွက်သစ်နေ ရေလုပ်သားတစ်ဦးဖြစ်သူ ဦးဝင်းဝင်းက ဆိုသည်။ 

“ကျွန်တော်တို့မှာ အခက်အခဲ ဖြစ်လာမှာပဲ၊ လေကြမ်းလို့ ဝင်လို့ မရဘူးဆိုရင် ခိုကပ်ဖို့နေရာ မရှိတော့ဘူးပေါ့”ဟု ဦးဝင်းဝင်းက ပြောသည်။ 

လှိုင်းလေကြီးချိန်နှင့် ရေချိုလိုအပ်ချိန်တွင် ပဲ့စင်ကျွန်းကို မှီခိုနေရပြီး အဆိုပါကျွန်းကို လုပ်ငန်းရှင်တစ်ဦးတစ်ယောက်တည်း ပိုင်ဆိုင်သွားမည်ဆိုက ရေလုပ်သားများ အခက်အခဲဖြစ်လာနိုင်သည့်အတွက် ရေလုပ်သားများ၏ လက်မှတ်ကောက်ခံကာ ဦးဆောင်ကန့်ကွက်သွားမည်ဖြစ်ကြောင်း ထားဝယ်တိုင်းရင်းသားများပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးမောင်မောင်အေးက ဆိုသည်။ 

“ကျွန်းကို သူဌေးတစ်ယောက် ယောက်က ပိုင်သွားရင် ဒေသခံတွေအတွက် အင်မတန်ပင်ပန်းသွားလိမ့်မယ်”ဟု ဦးမောင်မောင်အေးက ပြောသည်။ 

လျှောက်ထားမှုအပေါ် ကန့်ကွက်နိုင်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ကြေညာစာကပ်ထားပြီး ဒေသခံအားလုံး ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ဒီဇင်ဘာလ ၂၈ ရက်တွင် ရွာလုံးကျွတ် အစည်းအဝေးခေါ်ကာ ရှင်းပြမည်ဖြစ်ကြောင်း ပဲ့စင်ကျွန်းတည်ရှိရာ တောကျဲ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဖိုးကျော်က ဆိုသည်။ 

ကုမ္ပဏီအနေနှင့် မြေလွတ် မြေလပ်နှင့် မြေရိုင်းလျှောက်ထားသည့် ကျွန်းတွင် လုပ်ဆောင်မည့် စီမံကိန်းနှင့် ပတ်သက်၍ ဒေသခံများ လာရောက်ရှင်းပြစေလိုကြောင်း ဦးဖိုးကျော်က ပြောသည်။ 

ကျွန်းများနှင့် ကမ်းခြေတို့တွင် မြေလွတ် မြေလပ်နှင့် မြေရိုင်းများအပေါ် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားမှုကို မြို့နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီမှတစ်ဆင့် သက်ဆိုင်ရာခရိုင်၊ တိုင်း ကော်မတီ အသီးသီးထံ ထပ်မံတင်ပြရမည်ဖြစ်ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနထံမှ သိရသည်။ 

Dawei Watch
The Voice

0 comments:

Post a Comment