Sunday, December 30, 2018

ကသာ - ဗန်းမော် မီးရထားလမ်း ဖောက်လုပ်မှု လယ်ယာမြေဆုံးရှုံးသူများကို နစ်နာကြေးပေး


စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နှင့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို ဆက်သွယ်ဖောက်လုပ်ထားသည့် ရထားလမ်းဖောက်လုပ်ရာတွင် လယ်ယာမြေများဆုံးရှုံးနစ်နာခဲ့သည့် တောင်သူများကို ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းက နစ်နာကြေးများ ပေးအပ်ခဲ့ကြောင်း ကသာမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွန်းက ပြော ကြားသည်။ 
ကသာ- ဗန်းမော် ရထားလမ်းပိုင်းမှ ကသာမြို့နယ်အတွင်းရှိ လယ်ယာမြေများ ဆုံးရှုံးခဲ့သည့် ကျေးရွာအုပ်စု (၆)အုပ်စုမှ တောင်သူဦးရေ ၁၈၇ ဦး၏ လယ်ယာမြေ ဧက ၃၀၃ ဒသမ ၂၀ ဧက အတွက် နစ်နာ ကြေးငွေ ကျပ်သိန်းပေါင်း ၅၄၀၀ ကျော်ကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။ 

“မြေပြင်ကွင်းဆင်းတိုင်းတာပြီးတော့ စာရင်းအချုပ်တွေကို လွှတ်တော်မှာ တင်ပြတောင်းဆိုခဲ့တယ်။ တောင်းဆိုခဲ့ပြီး ၂ နှစ်ကျော်အကြာမှာ နိုင်ငံတော်ကပေးအပ်ခဲ့တယ်”ဟု တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးညီညီထွန်းက ပြောဆိုသည်။ 

ယခုပေးအပ်ခဲ့သည့် နစ်နာကြေးအပြင် နစ်နာကြေးထပ်မံပေးအပ်ရန် ကျန်ရှိနေသည့် မြို့ပေါ်ရှိ မြောက်ဘူတာရပ်မှ မြေယာများ နစ်နာကြေးရရှိရေးအတွက် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ 

ကသာ - ဗန်းမော် မီးရထားလမ်းကို ၂၀၀၈-၂၀၀၉ ခုနှစ်မှ စတင်ဖောက်လုပ်ခဲ့ ရာ ၂၀၁၀ ပြည့်နှစ်တွင် ဖွင့်ပွဲပြုလုပ်ခဲ့ကြောင်း၊ ဖွင့်ပွဲပြုလုပ်ပြီးနောက် ၂၀၁၂ ခုနှစ်အထိ ပြေးဆွဲခဲ့သော်လည်း နောက်ပိုင်းတွင် စီးနင်းမည့်သူမရှိသည့်အတွက် မီးရထားပြေးဆွဲမှု ရပ်ထားခဲ့ရသည့် ရထားလမ်းပိုင်းဖြစ်သည်။

The Voice

0 comments:

Post a Comment