Sunday, December 30, 2018

ဦးခင်ညွန့်ကို ကန်တော့မှုသည် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အာဃာတမရှိဘူးဆိုတာ ပြသနိုင်ရန်ဟု ရန်ကုန်ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရှင်း



ယမန်နေ့က ကျင်းပသော သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲတွင် ကန်တော့ခံ စာရေးဆရာကြီး များတွင် ပါဝင်သော ဦးခင်ညွန့်ကို ရှိခိုးကန်တော့မှုသည် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အာဃာတမရှိဘူးဆိုတာ ပြသနိုင်ရန်ဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရှင်းလင်းပြောဆိုသည်။

ယနေ့နံနက်ပိုင်း အခမ်းအနားတစ်ခုတွင် သတင်းမီဒီယာများနှင့်တွေ့ဆုံစဉ် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ထိုသို့ ပြောဆိုခြင်းဖြစ်သည်။
"ကျနော်က အခုအချိန်မှာ ကျနော်က ၀န်ကြီးချုပ်ပါ။ ဦးခင်ညွန့်က သာမန်အရပ်သားတစ်ယောက်ပါ။ အကျဉ်းထောင်က လွတ်လာတဲ့လူတစ်ယောက်ပါ။ ဒါပေမယ့် ဒီအခြေအနေမှာ ကျနော်တို့က အတုံ့အလှည့်တွေထားပြီး တုံ့ပြန်နေဖို့ မလိုအပ်ပါဘူး။ ကျနော်တို့ရဲ့ စိတ်စေတနာ ကျနော်တို့ရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အာဃာတတရားတွေ မရှိဘူးဆိုတာ ကျနော်တို့ဘက်က ရင်ထဲမှာ မရှိဘူး ဆိုတာ ပြသနိုင်ဖို့လိုပါတယ်"ဟု ရန်ကုန်တိုင်းဝန်ကြီးဦးဖြိုးမင်းသိန်းက ပြောသည်။
ဦးခင်ညွန့် ထောင်ကျချိန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြန်လည် လွှတ်ပေးမှုကြောင့် ပုဒ်မ ၅ နှင့် အကြိမ်ကြိမ်ထောင်ကျခဲ့သော ၎င်းအနေဖြင့် အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာခြင်းဖြစ်သည်ဟု ရှင်းပြသည်။
"ကျနော် ပုဒ်မ ၅ နဲ့ပဲ အကျဉ်းထောင်ထဲမှာ အကြိမ်ကြိမ်ေ်ထာင်ချခံခဲ့ရပါတယ်။ ဒီထောင်ကျမှုတွေအားလုံးကို စစ်ထောက်လှမ်းရေး ဖျက်သိမ်းပြီး ဗိုလ်ချုပ်ကြီးခင်ညွှန့်ထောင်ချသွားတဲ့အချိန်မှာ အဲဒီအချိန်က အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက စစ်ထောက်လှမ်းရေးရဲ့ မတရားမှု ဆောင်ရွက်မှုကြောင့် ထောင်ကျခဲ့တဲ့ ကျောင်းသားတွေကို ပြန်လွှတ်လိုက်ပါတယ်။ အဲဒီအချိန်မှာ ကျနော်လည်း ပြန်လည် လွတ်မြောက်လာပါတယ်" ဟု ၎င်းက ဆိုသည်။
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ စကားအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။
"မနေ့က တုန်းက စာရေးဆရာများလုပ်တဲ့ပွဲမှာ သွားတက်ပါတယ်။ ဒီအခမ်းအနားပွဲမှာ နှစ်စဉ်နှစ်တိုင်း စာဆိုတော်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ကျင်းပဆောင်ရွက်တဲ့ပွဲဖြစ်ပါတယ်။ ဆောင်ရွက်တာက အသင်းကနေ ဦးဆောင်ပြီး ဆောင်ရွက်တာဖြစ်ပါတယ်။ ဒီအခမ်းအနားပွဲကို ကျနော်တို့ချီးမြှောက်တယ်။နှစ်စဉ်နှစ်တိုင်း စာရေးဆရာ အသိအမှတ်ပြုရမယ်။ သူတို့ဟာ တိုင်းပြည်တိုးတက်ရာတိုးတက်ကြောင်းအတွက် လမ်းပြပေးနေတဲ့သူတွေ တကယ့် အရေးကြီးတဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါတဲ့ အခန်းကဏ္ဍမှာရှိပါတယ်။ ဒီအတွက် ကျနော် ဒီအခမ်းအနားပွဲကို တက်ရောက်ခဲ့ပါတယ်။ ဒီအခမ်းအနားပွဲရဲ့ စီစဉ်ထားမှုတွေ အားလုံးက အသင်းကပဲ စီစဉ်ထားတာဖြစ်ပါတယ်။ ဒီအခမ်အနားပွဲမှာ တချိန်က တပ်မတော်စစ်ထောက်လှမ်းရေးရဲ့အကြီးအကဲ ဗိုလ်ချုပ်ကြီးခင်ညွှန့် လာတက်တာတွေ့ရပါတယ်။ ပစ္စည်းပေးကမ်းတဲ့ဘက်မှာလည်း ကျနော်ပေးရမယ့်ဘက်မှာလာပြီးတော့ ရှိပါတယ်။ ဒါကြောင့်မို့လို့ ကျနော်က ဒီမှာ တက်ရောက်လာတဲ့ စာရေးဆရာတွေအားလုံးက အသက်အရွယ်အရသော်လည်းကောင်း ဂါဝရတရားနဲ့သော်လည်းကောင်း သွားနှုတ်ဆက်ပါတယ်။ ကျနော် လက်ဆောင်ကမ်းပေးရမယ့်သူတွေအားလုံးကို ကျနော် ကမ်းပေးပါတယ်။ လက်ဆွဲနှုတ်ဆက်ပါတယ်။
ကျနော်က အကျဉ်းထောင်ထဲမှာ ၁၅ နှစ်နေခဲ့ရပါတယ်။ ကျနော် စတင်ထောင်ကျခဲ့တာ ၇ နှစ်ပဲ ထောင်ကျခဲ့တာဖြစ်ပါတယ်။ ကျနော်ထောင်ထဲမှာ ၅ နှစ်နေပြီးတော့ ထပ်ပြီးတော့ ထောင်ချခံရပါတယ်။ လူတစ်ယောက် ၅ နှစ်နေပြီး လွတ်တော့မယ်ဆိုတဲ့ အချိန်ကာလမှာ နောက်ထပ်တစ်ကြိမ် ၇ နှစ်ထောင်ချခံရတဲ့ ခံစားမှုက အတော် စိတ်ကို ဖိစီးစေပါတယ်။ နောက်တစ်ချက် ဒီထက်ပိုဆိုးတာက မိသားစုတွေ။ ကျနော်တို့က အကျဉ်းထောင်ထဲမှာ နေတယ်ဆိုတာ မိသားစုရဲ့ စောင့်ရှောက်မှုနဲ့နေရတာပါ။ အဲဒီအချိန်ကာလက အကျဉ်းထောင်တွေရဲ့ အခြေအနေက အလွန်ဆိုးပါတယ်။ လူ့အခွင့်အရေးကင်းမဲ့ပါတယ်။ မိသားစုတွေက ၅ နှစ်နေရင် လွတ်နိုးလို့ မျှော်လင့်နေတဲ့ အခြေအနေမှာ ထပ်မံထောင်ကျပါတယ်။ ပုဒ်မ ၅ ညနဲ့ စတင်ထောင်ကျပါတယ်။ နောက်တစ်ကြိမ်မှာ ပုဒ်မ ၅ ဃ နဲ့ ကျနော့်ကို ထောင်ချပါတယ်။ ပုဒ်မ ၅ ညနဲ့ ထောင် ၇ နှစ်ချပါတယ်။ နောက်တစ်ကြိမ်မှာ ပုဒ်မ ၅ ဃနဲ့ ထောင် ၇ နှစ်ထပ်ချပါတယ်။ ကျနော် ပုဒ်မ ၅ နဲ့ပဲ အကျဉ်းထောင်ထဲမှာ အကြိမ်ကြိမ်ေ်ထာင်ချခံခဲ့ရပါတယ်။ ဒီထောင်ကျမှုတွေအားလုံးကို စစ်ထောက်လှမ်းရေး ဖျက်သိမ်းပြီး ဗိုလ်ချုပ်ကြီးခင်ညွှန့်ထောင်ချသွားတဲ့အချိန်မှာ အဲဒီအချိန်က အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက စစ်ထောက်လှမ်းရေးရဲ့ မတရားမှု ဆောင်ရွက်မှုကြောင့် ထောင်ကျခဲ့တဲ့ ကျောင်းသားတွေကို ပြန်လွှတ်လိုက်ပါတယ်။ အဲဒီအချိန်မှာ ကျနော်လည်း ပြန်လည် လွတ်မြောက်လာပါတယ်။ အခုအခြေအနေမှာ ပြည်သူလူထုက ရွေးချယ်တင်မြှောက်တဲ့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံတော်အာဏာကို ရယူနိုင်ခဲ့ပါတယ်။
ကျနော်တို့ရဲ့ မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှန်ကန်တဲ့ ဦးဆောင်မှုကြောင့် ကျနော်တို့တွေ တိုင်းပြည်တာဝန်ကို ထမ်းဆောင်ခွင့်ရပါတယ်။ ဒီလို ထမ်းဆောင်ခွင့်ရတဲ့အချိန်မှာ ကျနော်တို့ဘက်က သဘောထားကြီးဖို့ မေတ္တာတရားထားနိုင်ဖို့ ကျနော်တို့ကြိုးစားပါတယ်။ ကျနော်တို့ အာဃာတတရားတွေ ၊ လက်တုံ့ပြန်မှုတွေဘယ်တော့မှ သွားဖို့မရှိပါဘူး။ ကျနော်က အခုအချိန်မှာ ကျနော်က ၀န်ကြီးချုပ်ပါ။ ဦးခင်ညွှန့်သာမန်အရပ်သားတစ်ယောက်ပါ။ အကျဉ်းထောင်က လွတ်လာတဲ့လူတစ်ယောက်ပါ။ ဒါပေမယ့် ဒီအခြေအနေမှာ ကျနော်တို့က အတုံ့အလှည့်တွေထားပြီး တုံ့ပြန်နေဖို့ မလိုအပ်ပါဘူး။ ကျနော်တို့ရဲ့ စိတ်စေတနာ ကျနော်တို့ရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အာဃာတတရားတွေ မရှိဘူးဆိုတာ ကျနော်တို့ဘက်က ရင်ထဲမှာ မရှိဘူး ဆိုတာ ပြသနိုင်ဖို့လိုပါတယ်။ ဒီအပေါ်မှာ မူတည်ပြီး ငါတို့က လုပ်နိုင်တဲ့ အခြေအနေတစ်ခုရောက်ပြီပဲ ငါတို့ ကို တစ်ချိန်တုန်းက အမျိုးမျိုး ဒုက္ခပေးခဲ့တဲ့သူတွေ ငါတို့ရဲ့ မိသားစုဘ၀ကို ဖျက်ဆီးခဲ့တဲ့သူတွေပဲ ဆိုပြီး ဒါတွေအားလုံး သင်ပုန်းချေနိုင်ဖို့ ကျနော်တို့ ကြိုးစားပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့အနာဂတ်မျိုးဆက်တွေ ကောင်းမွန်တဲ့ ရလဒ်တွေ ပေးချင်တယ်ဆိုရင် ကျနော်တို့ အကောင်းဆုံးစံနမူနာ ဖြစ်အောင် ကြိုးစားရပါ့မယ်။ ဒီလိုစံနမူနာ ဖြစ်ဖို့အတွက် ကျနော်တို့ အဖွဲ့ချုပ်ဥက္ကဋ္ဌလည်းဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံလည်းဖြစ်တဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အမြဲတမ်းပြသနိုင်ခဲ့ပါတယ်။
ကျနော်တို့ ဆောင်ရွက်နိုင်တယ်ဆိုတာ အတိုင်ပင်ခံကြီးရဲ့ ဆောင်ရွက်မှုထက် ဘာမှ မရှိပါဘူး။ ကျနော်တို့ အကောင်းဆုံး ကျနော်တို့ရဲ့ အာဃာတ တရားကင်းစင်မှုကို ပြသနိုင်ခဲ့ပါတယ်။ ကျနော့်ဘ၀ရဲ့ နောက်ကြောင်းကို ပြန်ကြည့်လိုက်မယ်ဆိုရင် ၁၅ နှစ်တာ အကျဉ်းထောင်ထဲမှာ ပေးဆပ်ခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် ဒါတွေ အားလုံးဟာ တစ်ခုခုကို ရလိုဖို့ တစ်ခုခုကို တုံ့ပြန်ဖို့ ဆောင်ရွက်နေတာမဟုတ်ပါဘူး။ မြန်မာနိုင်ငံ ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ လူ့အခွင့်အရေးတွေ ထွန်းကားနိုင်ဖို့ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်တာဖြစ်ပါတယ်။ ဒီအတွက်လည်း အားလုံးအပေါ်မှာ မေတ္တာတရားနဲ့ ပြုပြင်ပြောင်းလဲဖို့ တိုက်တွန်းလိုပါတယ်။ "

ဓာတ်ပုံ- ယမန်နေ့ သက်ကြီးစာပေပညာရှင်ကန်တော့ပွဲ မတိုင်ခင် ဦးခင်ညွန့်နှင့် ရန်ကုန်တိုင်းအစိုးရ တွေ့ဆုံစဉ်။
Khit Thit Media


0 comments:

Post a Comment