Monday, December 31, 2018

ခိုးရာပါ ဆိုင်ကယ်အစီး ၇၀ ကျော် ဝယ်ထားသူကို ဖမ်းဆီး

ရန်ကုန်မြောက်ပိုင်းခရိုင်၊ တိုက်ကြီး မြို့နယ်၊ ရှမ်းစုရပ်ကွက်၊ ပြည်တော်သာ (၇) လမ်းရှိ နေအိမ် တစ်အိမ်တွင် ခိုးရာပါ မော်တော်ဆိုင်ကယ် ၇၅ စီးကို ဝယ်ယူ သိုလှောင်ထားသည့် အမျိုးသားတစ်ဦးကို ဒီဇင်ဘာလ ၂၉ ရက်နေ့က ဖမ်းဆီးအမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 
“အိမ်ထဲမှာ သိမ်းဆည်းထားတဲ့ ဆိုင်ကယ်တွေကို ပိုင်ဆိုင်ကြောင်း ခိုင်လုံတဲ့အထောက်အထား မပြနိုင်ဘူး။ တိုက်ကြီးမြို့နယ်ထဲမှာရှိတဲ့ နေအိမ်တွေထဲက ဆိုင်ကယ်တွေကို ခိုးယူပြီး လာရောင်းထားတာလို့ ကနဦးစစ်ချက်အရ ယူဆရတယ်”ဟု ရဲအရာရှိက ပြောသည်။ 

အဆိုပါအမှုမှာ တိုက်ကြီးမြို့မ ရဲစခန်းက မော်တော်ဆိုင်ကယ် ခိုးမှုဖြင့် ဖမ်းဆီးအရေးယူထားသူ တုံးတို (ခ) အောင်အောင်ထွန်းကို စစ်ဆေးပေါ်ပေါက်ချက်အရ ခိုးရာပါဆိုင်ကယ်ကို ရှမ်းစုရပ်ကွက်၊ ပြည်တော်သာ (၇) လမ်းတွင် နေထိုင် သူ အသက် ၅၁ နှစ် ဆန်းသွင် (ခ) ကာတွန်းက လက်ခံဝယ်ယူထားကြောင်း သိရသဖြင့် တရားရုံးသို့ တရားစွဲမတင်မီ ဥပဒေအကြံပြုချက်တောင်းခံခဲ့ရာ ဆန်းသွင် (ခ) ကာတွန်းကို ရာဇသတ်ကြီးပုဒ်မ ၄၁၁ ဖြင့် တရားစွဲတင်ပို့ရန် အကြောင်းပြန်လာသဖြင့် သက်သေများနှင့်အတူ ရဲတပ်ဖွဲ့က ဆန်းသွင်နေအိမ်အား ဝင်ရောက်စစ်ဆေးရှာဖွေခဲ့ရာ ပိုင်ဆိုင်ကြောင်း ခိုင်လုံသည့် အထောက်အထား မပြနိုင်သော မော်တော်ဆိုင်ကယ် ၇၅ စီးကို တွေ့ရှိသဖြင့် ယင်းအမျိုးသားကို တိုက်ကြီးမြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၈၀/၅၄ ဖြင့် အမှုဖွင့်ဖမ်းဆီးအရေးယူခဲ့သည်။

The Voice

0 comments:

Post a Comment