Monday, December 31, 2018

လုပ်ငန်းစွမ်းဆောင်ရည် မပြည့်ဝသည့် ပါတီဝင်များကို ၂၀၁၉ တွင် တာဝန်မှရပ်ဆိုင်းမည်ဟု NLD ပြောရေးဆိုခွင့်ရှိသူပြော


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များထဲမှ လုပ်ငန်းစွမ်းဆောင်ရည် မပြည့်ဝသူများနှင့် လူမှုဆက်ဆံရေး မပြေပြစ်သူများကို ပါတီအကဲဖြတ်အဖွဲ့၏အစီရင်ခံစာအပေါ် သုံးသပ်၍ ၂၀၁၉ နှစ် လယ်ပိုင်းတွင် တာဝန်မှ ရပ်ဆိုင်းမည်ဖြစ်ကြောင်း အဆိုပါပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောကြားသည်။ 
ထိုသို့လုပ်ဆောင်ခြင်းသည် ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ပါတီက ၁၃ နေရာပါဝင်ယှဉ်ပြိုင်ရာ၌ ၆ နေရာ ရှုံးနိမ့်ခဲ့သည့်အတွက် ပါတီတွင်း လိုအပ်ချက်များ ပြန်လည်ပြုပြင်ရန်နှင့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ရည်ရွယ်၍ ပါတီအတွင်း အစားထိုးလဲလှယ်ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ 

“အကဲဖြတ်အဖွဲ့ကတော့ စိစစ်တာပဲ လုပ်မယ်။ ဒီအပေါ်ကို ဘယ်လို့လုပ်သင့် တယ်ဆိုတာကို ဗဟိုအလုပ်မှုဆောင်က ဆုံးဖြတ်သွားမယ်”ဟု ၎င်းက ဆိုသည်။ 

ပါတီ၏စွမ်းဆောင်ရည်အကဲဖြတ် အဖွဲ့ကို တိုင်းနှင့်ပြည်နယ်အသီးသီးတွင် ဖွဲ့စည်းထားပြီး အဖွဲ့အနေနှင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှစတင်ကာ ဇွန်လအထိ ပါတီဝင် အသီးသီးအတွက် အကဲဖြတ်အစီရင်ခံစာ တင်သွင်းရမည်ဖြစ်ကြောင်း၊ တင်သွင်းလာသည့်အပေါ် သုံးသပ်ပြီး အဆိုပါနှစ် လယ်တွင် လုပ်ငန်းတာဝန်များကို လဲလှယ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ 

အဆိုပါအကဲဖြတ်အဖွဲ့တွင် ပြည်နယ်နှင့်တိုင်းအသီးသီးမှ သက်ဆိုင်ရာ တိုင်းအလုပ်မှုဆောင် ၃ ဦး၊ မြို့နယ် အလုပ်အမှုဆောင် ၁ ဦး၊ လူငယ်ရေးရာကော် မတီဝင် ၁ ဦး၊ အမျိုးသမီးအဖွဲ့လုပ်ငန်း ကော်မတီဝင် ၁ ဦး ပါဝင်ကြောင်း၊ ယင်းအဖွဲ့က ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှစတင် အကဲဖြတ်စိစစ်သွားမည်ဖြစ်သည်။ 

အဆိုပါအဖွဲ့၏အစီရင်ခံစာအပြင် လွှတ်တော်ကိုယ်စားလှယ်တိုင်ကြားစာဌာန၊ အစိုးရအဖွဲ့နှင့်လွတ်တော် ကိုယ်စားလှယ်များ၏ စွမ်းဆောင်ရည်အကဲဖြတ်မှတ်တမ်း၊လွတ်တော်ကိုယ်စာလှယ်တစ်ဦး ချင်း၏အစီရင်ခံစာ၊ တိုင်းနှင့်ပြည်နယ်မှ အမှုဆောင်များ၏မှတ်တမ်း၊ တိုင်းနှင့် ပြည်နယ်အသီးသီးရှိ ဝန်ကြီးများ၏အကဲဖြတ် အစီရင်ခံစာများကိုပါ ထည့်သွင်းစိစစ်သွားမည်ဖြစ်သည်။ 

လွှတ်တော်ကိုယ်စားလှယ်များအနေနှင့် လုပ်ဆောင်ချက်များ၊ လွှတ်တော်တွင်းလုပ်ဆောင်ချက်၊ လူထုနှင့်တွေ့ဆုံမှုများကို တစ်လတစ်ခါ အစီရင်ခံစာ တင်ရမည်ဖြစ်ကြောင်း ဒဂုံမြို့နယ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောကြားသည်။ 

“လုပ်ဆောင်ချက်တွေ၊ လူထုနဲ့ တွေ့ဆုံတာတွေကို တစ်လတစ်ခါ အစီရင်ခံရမယ်။ ကျွန်တော် ၂ ရက်နေ့မှ ပို့ရမယ်။ ၂၀၂၀ အတွက် ကြိုတင်ပြင်ဆင်တာပါ။ ပါတီတွင်း ပြုပြင်ပြောင်းလဲမှုလုပ်တာ ကြိုဆိုပါတယ်” ဟု ၎င်းက ဆိုသည်။ 

NLD အစိုးရသက်တမ်း ၂ နှစ်ခွဲအတွင်း လွှတ်တော်ကိုယ်စားလှယ် တိုင်ကြားစာဌာနသို့ တိုင်းကြားခံရသည် လွှတ်တော်ကိုယ်စားလှယ် ၅၀ ဦးကို အရေးယူထားကြောင်း ဦးမျိုးညွှန့်က ပြောကြားသည်။


The Voice

0 comments:

Post a Comment