Sunday, December 30, 2018

သစ်သီး ကုန်တင်ယာဉ်များ ဝင်ရောက်ရန်အတွက် ကြူကုတ်(ပန်ဆိုင်း) ဝင်ပေါက်ဖွင့်လိုက်သော်လည်း တရုတ်ဘက်မှ ဝင်ခွင့် စစ်ဆေးရာတွင် ကြန့်ကြာနေမှုများကြောင့် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်တွင် သစ်သီးတင်ယာဉ်များစွာ အခက်အခဲဖြစ်နေပြီး သစ်သီး စိုက်တောင်သူနှင့် ကုန်သည်များ သိန်းပေါင်းများစွာ ဆုံးရှုံးဖွယ်ရှိနေ


ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ တရုတ်နိုင်ငံ ဝမ်တိန်သို့ သစ်သီးတင်ပို့သည့် ယာဉ်များသည် ကြူကုတ်(ပန်ဆိုင်း) ဝင်ပေါက်ဂိတ်မှတဆင့် သစ်သီးများအား ဒီဇင်ဘာလ ၂၈ ရက်နေ့မှ စတင်ပြီး တင်ပို့ခဲ့သော်လည်း တရုတ်ဘက်မှ ဝင်ခွင့်စစ်ဆေးရာတွင် ကြန့်ကြာနေမှုများကြောင့် သစ်သီးတင်ယာဉ်များစွာ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်နှင့် ကြူကုတ်(ပန်ဆိုင်း) သွားရာလမ်း တစ်လျှောက်တွင် ယာဉ်ပေါင်းများစွာ ရပ်တန့် စောင့်ဆိုင်းနေကြရကြောင်း သိရသည်။

သစ်သီးတင်ယာဉ်များသည် နယ်စပ်ကုန်သွယ်ရေးဇုန် (၁၀၅) မိုင်မှတဆင့် ကျင်းစန်းကျော့ဘက်မှ တရုတ်နိုင်ငံ ဝမ်တိန်သို့ ယခင်က ဝင်ရောက်လျှက်ရှိသော်လည်း ကျင်းစန်းကျော့နယ်စပ်ဂိတ်ပိတ်လိုက်မှုကြောင့် ကြူကုတ်(ပန်ဆိုင်း) ဝင်ပေါက်ဂိတ်ဘက်မှ ဝမ်တိန်သို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အရင်က ပုံမှန်သွားလာနေတဲ့အချိန်မှာတောင် ဖရဲသီးကားတွေကို တရုတ်ဘက်က စစ်ဆေးတာ ကြန့်ကြာလို့ အချိန်နည်းလို့ဆိုပြီးတော့ ဖရဲသီးကားတွေ တစ်ရက်ဝင်တဲ့ကား တစ်ရက်မကုန်ဘူး။ မကုန်တဲ့ အနေအထားကနေပြီး အဲ့မှာ ကားတွေ အများကြီး ပိတ်မိနေတယ်။၂၆ ရက်နေ့ ညနေမှာ ဖရဲသီးတင်ကားအစီးရေ ၄၉၄ စီးပိတ်မိနေတယ်။ အဲ့နေ့ကစပြီး ပိတ်လိုက်တဲ့ ကျင်းစန်းကျော့ဂိတ်ဟာ ၂၇ ရက်နေ့လည်း မဖွင့်တော့ဘူး။ ကျင်းစန်းကျော့ဂိတ်ကို မြန်မာဘက်က ပိတ်လိုက်လို့ ကျွန်တော်တို့ တရုတ်ဘက်ကို သွားညှိနှိုင်းလိုက်တဲ့အခါမှာတော့ ကြူကုတ်(ပန်ဆိုင်း)ဘက်က ဝမ်တိန်အဝင်ပေါက်ကို ဖွင့်ပေးတယ်။ အဲ့တာနဲ့ ကျင်းစန်းကျော့ဘက်မှာရှိတဲ့ သစ်သီးကား ၄၉၄ စီးကို အရင်ဆုံး ကြူကုတ်(ပန်ဆိုင်း)ဘက်ကို ရွေ့လိုက်ရတယ်။ ရွေ့လိုက်ရတဲ့အခါ ၂၈ ရက်နေ့ မနက် ၉ နာရီခွဲမှာ သစ်သီးကားတွေ ဝမ်တိန်ဘက်ကို စဝင်ပြီး ည(၈)နာရီခွဲထိ ဖရဲသီးကားစီးရေ ၁၅၆ စီးပဲ ဝင်လို့ရခဲ့ပါတယ် ။ အခု ကျင်စန်းကျော့ကနေ ရွေ့ထားတဲ့ သစ်သီးကား ၄၆၄ စီးက လမ်းမှာ စီးရေ သုံးရာကျော်ကျန်နေပါတယ်။ ကျွန်တော်တို့ မူဆယ် သစ်သီးဈေးကွက် မဖွင့်တာ သုံးရက်ရှိနေပါပြီ။ အခု အရောင်းကွင်းမှာ ကျန်နေတဲ့ ဖရဲသီးကားတွေ စီးရေ တစ်ထောင်ကျော်သွားပါပြီ။ အခုကျွန်တော်တို့ ကြူကုတ်(ပန်ဆိုင်း) လမ်းအတိုင်း ဆက်သွားရင် အဆင်လုံးဝပြေမှာ မဟုတ်ပါဘူး။ လမ်းကလည်း ကျဉ်းတယ်။ ပန်ဆိုင်းမြို့ထဲမှာလည်း လမ်းက ကျဉ်းတယ်။ အခု အနေအထားအရ ဖရဲသီးသမားတွေလည်း အကုန်ဒုက္ခဖြစ်နေပြီ။ သယ်ယူပို့ဆောင်ပေးနေတဲ့ ဖရဲသီးကားသမားတွေလည်း အားလုံး ဒုက္ခဖြစ်နေပါပြီ။” ဟု မူဆယ်မြို့ သစ်သီးဝလံ ကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးစိုင်းမြင့်ဗိုလ် က ရှင်းလင်းပြောကြားသည်။

“ ဖရဲသီးတစ်ဧကရဲ့ တောင်သူတွေရဲ့ ကုန်ကျစရိတ်ဟာ သိန်း သုံးဆယ်လောက်ရှိပါတယ်။ အဲ့တော့သူ့ရဲ့ကုန်ကျစရိတ် တန်ကြေးလေးကိုပဲ တွက်ကြည့်လိုက်ပါ။ အခုလမ်းပေါ်မှာ ရပ်ထားရတဲ့ ဖရဲသီးကားတွေက အစီးရေ ငါးရာလောက်ရှိတယ်။သစ်သီးရောင်းကွင်းထဲမှာ ရပ်ထားရတဲ့ ကားစီးရေက တစ်ထောင်ကျော်ရှိပါတယ်။အခု ကြူကုတ်(ပန်ဆိုင်း)လမ်းကြောမှာရှိနေတဲ့ အစီးရေ သုံးရာလောက်နဲ့ ပေါင်းလိုက်မယ်ဆိုရင် အစီးရေ နှစ်ထောင်ဝန်းကျင်ရှိနေပါတယ်။အဲ့နှစ်ထောင်ဝန်းကျင်ရဲ့ တန်ကြေးသည် ကားတစ်စီးသိန်းငါးဆယ်၊ခြောက်ဆယ်နဲ့ပဲတွက်လိုက်မယ်ဆိုရင် ဘီလီယံဘယ်လောက် သွားပြီလဲ။ ဒေါ်လာနဲ့ တွက်မယ်ဆိုရင် ဒေါ်လာ ၆၄ သိန်းဝန်းကျင်ရှိပါတယ်။အခု ဆုံးရှုံးမှုတွက်ချက်မှုဟာ စီးရေး နှစ်ထောင်ပေါ်မှာပဲ တွက်ကြည့်တဲ့ ဆုံးရှုံးနစ်နာမှုပါ။အခု ၂၄ ရက်နေ့ကတည်းက ၁၀၅ မိုင်ကို ရောက်တဲ့ သစ်သီးကားက ၂၉ ရက်နေ့ထိ မရောင်းရသေးဘူး။ကုန်စိမ်းဖြစ်သောကြောင့် သစ်သီးတွေ ကားပေါ်မှာ ပုပ်နေပါပြီ။တရုတ်ထဲမှာ သွားရောင်းရင် ပယ်သီးတွေ အများကြီးထွက်ပြီ။ဒါတင်မကဘူး။ ပယ်သီးတွေပစ်မယ်ဆိုရင်လည်း ပယ်သီး ပစ်ခပေးရတယ်။ကိုယ့်ဖာသာ ပစ်မယ်ဆိုရင်လည်း ပယ်သီးပစ်ခ ပေးရပြန်ပါတယ်။၁၂ ဘီးကားတစ်စီးရဲ့ သစ်သီးတင်လာမှုဟာ တစ်ဧကဖြစ်ပါတယ်။ကားခသည် ဆယ်သိန်းဝန်းကျင်ဖြစ်ပါတယ်။ကားတစ်စီးရဲ့ ကုန်ကျစရိတ် အရင်းအနှီးကိုတွက်လိုက်ရင်သခွားသီးကားက သိန်း ၆၀ နဲ့ သိန်း ၇၀ ကြား ရှိနေတဲ့အပြင် ဖရဲသီးကားတစ်စီးရဲ့ အရင်းအနှီးက သိန်း ၄ဝကျော်ကျနေပါတယ်။ပိတ်ဆို့လိုက်တဲ့ လူကြီးတွေသည် အထက်က ဘယ်လူကြီးတွေသည် ဘယ့်အတွက်ကြောင့် ပိတ်တာလဲဆိုတာ ပိတ်ခဲ့တယ်ဆိုရင်လည်း အမြန်ဖြေရှင်းပေးစေချင်ပါတယ်။ အမြန်ဆုံးဖြေရှင်းပေးမှသာလျှင် တောင်သူတွေရဲ့ဆုံးရှုံးနစ်နာမှုတွေ သက်သာမှာဖြစ်ပါတယ်” ဟု သစ်သီးကုန်သည်တစ်ဦးဖြစ်သူ ဒေါ်ကြည်လှက ပြောသည်။

“ မူဆယ်ကုန်သွယ်ရေးမှာ ပစ္စည်းပို့နေတာ ဒီနှစ်နဲ့ဆို ဆယ့်ငါးနှစ်ရှိနေပါပြီ။မြတ်ဗုဒ္ဓဟောသလို အကြောင်းတရားကို လွန်မြောက်တဲ့ အကျိုးတရားမရှိဘူး။အဲ့တော့ အကြောင်းတရားက ဂိတ်ပိတ်တယ်။ ဂိတ်ပိတ်တော့ အကျိုးတရားက ဆုံးရှုံးမှုများသွားပြီ။ဘယ်လောက်ထိ ဆုံးရှုံးလဲဆိုရင် ခန့်မှန်းလို့ မရတဲ့အတိုင်း အတာထိအောင် ဆုံးရှုံးပါတယ်။ဂိတ်မပိတ်ခင်တုန်းကတောင်မှ တောင်သူတွေမှာ အရှုံးတွေနဲ့ပါ။ဝယ်လိုအား ထက်ရောင်းလိုအားများနေတာကြောင့် နယ်စပ်ကုန်သွယ်ရေးမှာ ဖရဲသီးသခွားသီးက အရမ်းမကောင်းပါဘူး။ အကောင်းတဲ့ကြားက အရင်းလေးရလိုရငြား အရှုံးလေးသက်သာလိုသက်သာငြား ထုတ်လုပ်ထားတဲ့သစ်သီး တွေ ပို့နေတဲ့အချိန်မှာ ရုတ်တရက် ဂိတ်ပိတ်လိုက်တော့ ဆုံးရှုံးမှု တော်တော်များပါပြီ။ဂိတ်ပိတ်တဲ့ ဆုံးဖြတ်ချက် ချလိုက်တဲ့သူတွေကိုပဲ တောင်းဆိုချင်တာက မြေပြင်အခြေအနေကိုပဲ တစ်ချက်လာကြည့်ပေးပါ။ “ဟု မိတ္ထီလာမြို့မှ ဖရဲသခွားစိုက်ပျိုးထုတ်လုပ်သူ ဦးမျိုးအောင်ကပြောသည်။

လက်ရှိအချိန်တွင် သစ်သီးတင်ယာဉ်များ အဓိကဝင်ပေါက်ဖြစ်သည့် ကျင်းစန်းကျော့ဂိတ် ပိတ်ထားဆဲဖြစ်သော်လည်း ကြူကုတ်(ပန်ဆိုင်း)ဘက်မှ တရုတ်နိုင်ငံ ဝမ်တိန် သို့ဝင်ပေါက်သည် တစ်ရက်လျှင် ကားစီးရေအနည်းငယ်သာ ဝင်ရောက်နိုင်သဖြင့် သစ်သီးတင်ယာဉ်ကားများ မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေုးဇုန်တွင် များစွာသောင်တင်ကာ ယာဉ်မောင်းများ၊သစ်သီးကုန်သည်များ အခက်အခဲများစွာဖြစ်ပေါ်လျှက်ရှိနေကြောင်း သိရသည်။

Eleven Media Group

0 comments:

Post a Comment