Sunday, December 30, 2018

နယ်စပ်တံတိုင်းဆောက်ခွင့်မရပါက မက္ကဆီကိုနယ်စပ်ကို ပိတ်ပစ်မည်ဟု ထရမ့်ခြိမ်းခြောက်


အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ၎င်း၏ နယ်စပ်တံတိုင်းတည်ဆောက်ရေးရန်ပုံငွေအတွက် ဘတ်ဂျက်ကိုလွှတ်တော်က အတည်မပြုပါက အမေရိကန်-မက္ကဆီကို နယ်စပ်ကို လုံးဝပိတ်ပစ်မည်ဟု ခြိမ်းခြောက်လိုက်ကြောင်း Aljazeera သတင်းတွင် ဖော်ပြထားသည်။ 
သမ္မတထရမ့်က နယ်စပ်တံတိုင်း ကာရံရေး၏ နောက်နည်းလမ်းတစ်ခုမှာ မက္ကဆီကိုနယ်မြေဘက်ရှိ အမေရိကန် ကားစက်ရုံများ ရုပ်သိမ်းခြင်းအပါအဝင် နယ်စပ်ကို လုံးဝပိတ်ပစ်ခြင်းဖြစ်သည်ဟု သောကြာနေ့နံနက်က twitter တွင် ပြောဆိုထားသည်။ 

ထရမ့်၏ ခြိမ်းခြောက်မှုသည် အစိုးရဌာနများ လုပ်ငန်းတစ်စိတ်တစ်ပိုင်း ရပ်ဆိုင်းသည်အထိဖြစ်ခဲ့ရသော နိုင်ငံရေးအငြင်းပွားမှုကို ပိုဆိုးစေခဲ့ပြီး ထရမ့်၏ သမ္မတ သက်တမ်း တတိယနှစ် တာထွက်မှုကို လွှမ်းမိုးထားမည့်ပုံရှိသည်။ 

“ပိတ်ဆို့ရေးသမားဒီမိုကရက်တွေက ကျုပ်တို့ကို တံတိုင်းဆောက်ဖို့ ပိုက်ဆံမပေးဘူးဆိုရင် တောင်ဘက် မက္ကဆီကို နယ်စပ်ကို မဖြစ်မနေပိတ်ပစ်မှာဖြစ်ပါတယ်”ဟု ထရမ့်က twitter တွင် ရေးထားသည်။ 

ထိုသို့ပိတ်ပြီးလျှင် ကနေဒါ၊ မက္ကဆီကိုနှင့် အမေရိကန်တစ်ကြော လွတ်လပ်စွာ ကုန်သွယ်ရန် ဖွင့်ခဲ့သည့် NAFTA သဘောတူညီချက်မတိုင်မီ ကာလများဆီသို့ အမေရိကန်-မက္ကဆီကိုဆက်ဆံရေးကို ပြန်လှည့်မည်ဖြစ်ပြီး အမေရိကန် ကားစက်ရုံများသည် အမေရိကန်နယ်မြေထဲသို့ ပြန် လည်ရောက်ရှိလာလိမ့်မည်ဟု ထရမ့်က ပြောကြားသည်။ 

၂၀၁၇ ခုနှစ်အတွင်း နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၆၁၅ ဒသမ ၉ဘီလီယံအထိရှိခဲ့သော အိမ်နီးချင်း နိုင်ငံကြီးနှစ်ခုအနေနှင့် မည်သို့ခွဲခြားကြမည်ကိုမူ ရှင်းလင်းစွာမသိနိုင်သေးပေ။ 

NAFTA ကို အစားထိုးရန်အတွက် ထရမ့်ကိုယ်တိုင် မကြာသေးမီက လက်မှတ်ထိုးခဲ့ပြီး အမေရိကန် ကုန်သွယ်ရေးကို ကြီးမားစွာ မြှင့်တင်မှုအဖြစ် အကြိမ်ကြိမ် ချီးမွမ်းခဲ့သော USMCA ကုန်သွယ်ရေး စာချုပ်အသစ် အကြောင်းကိုမူ ထရမ့်က ပြောဆိုခြင်းမပြုပေ။ 

ဒေါ်လာ ၅ ဘီလီယံ ကုန်ကျမည့် ထရမ့်၏ မက္ကဆီကိုနယ်စပ်တံတိုင်းကို ရီပတ်ဘလစ်ကန်အချို့က ထောက်ခံအားပေးကြသော်လည်း ဒီမိုကရက်အမတ်များကမူ စရိတ်ကြီးလွန်းသော၊ မလိုအပ်သော၊ ထိရောက်မှုမရှိသော စီမံကိန်းအဖြစ် ရှုမြင်နေကြသည်။ 

အမေရိကန်အစိုးရဌာနများလုပ်ငန်း ရပ်ဆိုင်းမှု မဖြစ်စေရန်အတွက် ရည်ရွယ်ကာ လွှတ်တော်က အဆိုပြုထားသော ယာယီဘတ်ဂျက်ကိုလည်း ထရမ့်က လက်မှတ်ထိုးရန် ငြင်းဆန်ခဲ့သောကြောင့် ဖက်ဒရယ်ဝန်ထမ်း ၈၀၀,ဝ၀၀ ခန့်မှာ လစာ မထုတ်နိုင်ဘဲရှိနေသည်။ 

မက္ကဆီကိုသမ္မတ လိုပက်ဇ်အိုဘရာဒါကမူ အမေရိကန်သမ္မတထရမ့်၏ ခြိမ်းခြောက်မှုများအပေါ် ရှောင်လွှဲပြောဆိုခဲ့ပြီး “ဒီကိစ္စမှာ ကျွန်တော်တို့ ဝင်မပါသင့်ဘူးလို့ ထင်ပါတယ်”ဟု သတင်းထောက်များအား ပြောကြားသည်။ 

The Voice

0 comments:

Post a Comment