၂၀၁၈ ခုနှစ်အတွင်း နိုင်ငံခြားငွေလဲနှုန်း သမိုင်းတစ်လျှောက်အမြင့်ဆုံးနှုန်းအ ဖြစ် တစ်ဒေါ်လာ ကျပ် ၁၆၅၀ အထိရောက်ရှိခဲ့ပြီး သုံးလကျော်အတွင်း ကျပ်ငွေတန်ဖိုး ၂၄ ရာခိုင်နှုန်းကျော် ကျဆင်းကာ စီးပွားရေး ပတ်ဝန်းကျင်တစ်ခုလုံးအပေါ် ရိုက်ခတ်မှုများဖြစ်ခဲ့ခြင်းကြောင့် ၂၀၁၈ ခုနှစ်အတွင်း ထင်ရှားသည့် စီးပွားရေးဖြစ်စဉ်တစ်ခုအနေဖြင့် ဖော်ပြအပ်ပါသည်။
၂၀၁၈ ခုနှစ်အတွင်းဖြစ်ပေါ်ခဲ့သော နိုင်ငံခြားငွေလဲနှုန်း အနိမ့်ဆုံးနှင့် အမြင့်ဆုံးကွာခြားချက်သည် ၃၂၇ ကျပ်၊ ၂၄ ရာခိုင်နှုန်းကျော်အထိ ဖြစ်ပေါ်ခဲ့ပြီး ဇွန်လမှ ဒီဇင်ဘာလအထိ အတက်အကျများစွာဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။ ဒီဇင်ဘာလဆန်း၌ ဒေါ်လာဈေး ကျပ် ၁၅၁၀ အထိပြန်ကျနေချိန်တွင် နိုင်ငံတော်ဗဟိုဘဏ်က ကျပ် ၁၅၇၀ နှုန်းဖြင့် နှစ်ရက်အတွင်း ဒေါ်လာ ၃၄ သန်းဖိုးဝယ်ယူခဲ့ပြီး ဈေးကွက်အတွင်း ဒေါ်လာဈေးပြန်လည် မြင့်တက်ခဲ့သည်။ အဆိုပါဆောင်ရွက်ချက်ကြောင့် ဗဟိုဘဏ်၏စွမ်းဆောင်ရည်အပေါ် ဝေဖန်မှုများစွာဖြစ်ပေါ်ခဲ့ရာ အမျိုးသားလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီက ခေါ်ယူတွ့ဆုံပြီး ဖြေရှင်းချက်တောင်းခံခဲ့သည်။
ဒေါ်လာဈေးသည် ပြီးခဲ့သည့်မေနှင့် ဇွန်လမှစ၍ သိသိသာသာ ပြန်တက်ခဲ့ပြီး အမေရိကန်-မြောက်ကိုရီးယား ခေါင်းဆောင်များ၏ သမိုင်းဝင်တွေ့ဆုံမှု၊ အမေရိကန်ဗဟိုဘဏ်၏ အတိုးနှုန်းမြှင့်တင်မှု၊ အမေရိကန် စီးပွားရေးဦးမော့လာမှု၊ အမေရိကန်နှင့် တရုတ်တို့အကြား ဘီလျံများစွာရှိသော သွင်းကုန်များကို အခွန်အပြန်အလှန်ကောက်ယူမှု စသည်တို့ကြောင့် ဇူလိုင်လကုန်ပိုင်းနှင့် သြဂုတ်လဆန်းပိုင်းတို့တွင် ဒေါ်လာဈေး ထိုးတက်ခဲ့သည်။
လက်ရှိ NLD အစိုးရ စတင်တက်ရောက်သော၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၁၉၃ ကျပ် ဖြစ်ပြီး အစိုးရသက်တမ်း ၂၈ လကျော်အတွင်း အနိမ့်ဆုံးငွေလဲနှုန်းအဖြစ် ၂၀၁၆ ခုနှစ် ဧပြီ ၂၄ ရက်တွင် ၁၁၅၃ ကျပ်၊ အမြင့်ဆုံးငွေလဲနှုန်း အဖြစ် ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၆၅၀ အထိဖြစ်ပေါ်ခဲ့သည်။ လက်ရှိအစိုးရသက်တမ်းသုံးနှစ်နီးပါးအတွင်း နိုင်ငံခြားငွေလဲနှုန်း စံချိန်တင်ထိုးတက်မှုကို ၂၀၁၆ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်အတွင်း ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။
၂၀၁၇ ခုနှစ် မတ်လနောက်ပိုင်းမှစ၍ ၂၀၁၈ ခုနှစ် ဇွန်လဆန်းအထိ နိုင်ငံခြားငွေ လဲနှုန်းမှာ တစ်ဒေါ်လာ ကျပ် ၁၃၂၀ ကျော်မှ ၁၃၇၀ ကျော်ကြားရှိပြီး တစ်လအတွင်း အမြင့်ဆုံးဈေးနှုန်းကွာခြားမှုကလည်း နည်းပါးခဲ့သော်လည်း ၂၀၁၈ ခုနှစ် ဇွန်လအတွင်း ဈေးနှုန်းလှုပ်ခတ်မှုများ စတင်ဖြစ်လာခဲ့သည်။
ပြည်တွင်းဈေးကွက်တွင် ဇွန်လလယ်မှစ၍ ဒေါ်လာဈေး သိသိသာသာ စတင်လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ ဇွန် ၁၁ ရက်တွင် ၁၃၄၆ ကျပ်ဝန်းကျင်ဖြစ်ပေါ်နေသော ဒေါ်လာဈေးသည် ဇွန်၂၈ ရက်တွင် ၁၄၀၇ ကျပ်ဝန်းကျင် ဖြစ်ပေါ်ခဲ့သည်။ ဇူလိုင် ၁ ရက်တွင် ၁၃၈၄ ကျပ်အထိကျဆင်းခဲ့ပြီး ဇူလိုင် ၁၀ ရက်တွင် ကျပ် ၁၄၀၀၊ ဇူလိုင် ၁၈ ရက်တွင် ၁၄၂၆ ကျပ်၊ ဇူလိုင် ၂၄ ရက်တွင် ၁၄၃၂ ကျပ်၊ ဇူလိုင် ၃၀ ရက်တွင် ကျပ် ၁၄၄၀၊ ဇူလိုင် ၃၁ ရက်တွင် ၁၄၄၄ ကျပ်၊ သြဂုတ် ၁ ရက်တွင် ၁၄၄၇ ကျပ်၊ သြ ဂုတ် ၃ ရက်တွင် ၁၄၆၅ ကျပ်၊ စက်တင်ဘာ၂၀ ရက်တွင် ကျပ် ၁၆၅၀ အထိ မြင့်တက်ခဲ့သည်။
၂၀၁၈ ခုနှစ် အတွင်း အနိမ့်ဆုံးဖြစ်ပေါ်ခဲ့သည့် ဒေါ်လာဈေး ၁၃၂၃ ကျပ်နှင့် အမြင့်ဆုံးဖြစ်ပေါ်ခဲ့သည့် ကျပ် ၁၆၅၀ နှိုင်းယှဉ်ပါက ၃၂၇ ကျပ်၊ ၂၄ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ခြင်း ဖြစ်သည်။
၂၀၁၈ ခုနှစ် မေလမှစ၍ ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း သိသိသာသာပြန်လည်မြင့်တက်ခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းဈေးကွက်၌ တစ်နှစ်အတွင်း လအလိုက်ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်းအနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ ဇန်နဝါရီတွင် ၁၃၂၃-၁၃၅၄ ကျပ်၊ ဖေဖော်ဝါရီတွင် ၁၃၂၃-၁၃၃၁ ကျပ်၊ မတ် တွင် ၁၃၂၆-၁၃၃၄ ကျပ်၊ ဧပြီတွင် ၁၃၂၄-၁၃၃၂ ကျပ်၊ မေတွင် ၁၃၃၂-၁၃၅၁ ကျပ်၊ ဇွန်တွင် ၁၃၄၅-၁၄၀၇၊ ဇူလိုင်တွင် ၁၃၈၄-၁၄၄၃၊ သြဂုတ်တွင် ၁၄၄၂-၁၅၇၀၊ စက်တင်ဘာတွင် ၁၅၃၈-၁၆၅၀၊ အောက်တိုဘာတွင် ၁၅၁၅-၁၆၀၀၊ နိုဝင်ဘာတွင် ၁၅၆၅-၁၅၉၅ ကျပ်၊ ဒီဇင်ဘာတွင် (လလယ်အထိ) ၁၅၁၀-၁၅၇၇ ကျပ်တို့ဖြစ်ပြီး သြဂုတ်လတွင် ကွာဟချက် အများဆုံးဖြစ်ခဲ့သည်။
လက်ရှိအစိုးရလက်ထက်တွင် နိုင်ငံခြားငွေလဲနှုန်း စံချိန်တင်မြင့်တက်မှု သုံးနှစ်အတွင်း နှစ်ကြိမ်ကြုံတွေ့လာခြင်းဖြစ်ပြီး ဒေါ်လာဈေးမြင့်တက်မှုကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာသော ကုန်ဈေးနှုန်းနှင့် ငွေကြေးဖောင်းပွမှုမြင့်တက်မှုများကိုလည်း ပြည်သူတိုင်းခံစားလာရသည်။ နိုင်ငံခြားငွေလဲနှုန်း အဆမတန်မြင့်တက်မှုကြောင့် ၂၀၁၈ ခုနှစ်အတွင်း စီးပွားရေးအသိုင်းအဝိုင်းတစ်ခုလုံးအတွက် အခက်အခဲများဖြစ်ပေါ်စေခဲ့သည်။
နိုင်ငံတော်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ကိုင်မှုအလွဲမှုများကြောင့် မြန်မာ့စီးပွားရေး ထိခိုက်လာလျှင် မည်သူတာဝန်ယူမည်လဲဟု မေးခွန်းထုတ်ရမည် ဖြစ်သည်။
Eleven Media Group
0 comments:
Post a Comment