Monday, January 28, 2019

လက်ရှိရွေးကောက်ပွဲကော်မရှင်ကို ပထမအကြိမ်ပြည်ထောင်စုလွှတ်တော်မှ ခန့်ထားခြင်းမဟုတ်ဟု မင်းကင်းမဲဆန္ဒနယ်အမတ် ပြော


လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အား ပထမအကြိမ်ပြည်ထောင်စုလွှတ်တော်မှ ခန့်ထားခြင်းမဟုတ်ဟု မင်းကင်းမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်ဦးမောင်မြင့်က ပြောလိုက်သည်။ 
  
ဇန်န၀ါရီလ ၂၈ ရက်က ကျင်းပသော ပြည်သူ့လွှတ်တော် ၁၁ ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် လွှတ်တော်ကိုယ်စားလှယ် ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေတင်သွင်းရန် ရှိ/မရှိမေးမြန်းရာ၌ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်မှ ၄င်းဥပဒေအားဆိုင်းငံ့ထားခြင်းဖြစ်၍ ကော်မရှင်မှလည်းတင်သွင်းခြင်းမပြုခြင်းဖြစ်ပြီး တင်သွင်းခိုင်းလာပါက ပြည်ထောင်စုလွှတ်တော်သို့ပေးပို့မည်ဖြစ်ပါကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှအဖွဲ့ဝင် ဦးသန်းဌေး၏ ဖြေကြားချက်အပေါ် ယခုကဲ့သို့ပြောခြင်း ဖြစ်သည်။ 

“ ဦးသောင်းအေးကပြီးခဲ့တဲ့နှစ်ကမေးခွန်းမေးခဲ့တာ။ ဦးသောင်းအေးမေးတဲ့မေးခွန်းကိုဖြေပြီးပြီ။ ဖြေပြီးတာကြောင့်လည်း ဥပဒေကြမ်းရေးဆွဲပြီးပါပြီလို့ဒီမှာပါပါတယ်။ ဒါလွှတ်တော်ကတရားဝင် ကျွန်တော်တို့ကို ထုတ်ပြန်ထားတဲ့အချက်အလက်တွေပါ။ ကျွန်တော်တို့ ပြည်ထောင်စုရွေးကောက်ပွဲက ဥပဒေကြမ်းတစ်ရပ် ရေးဆွဲပြီးဖြစ်ပါတယ်လို့ဒီလိုအတိအလင်းဖြေထားတယ်။ အလားတူပဲ။ နိုင်ငံတော်သမ္မတကြီးကလည်း အဲဒီအချိန်တုန်းက ဥက္ကဋ္ဌတာဝန်ယူပြီးတော့ဒါကိုရေးပေးပါလို့ ကျွန်တော်တို့ကိုညွှန်ကြားထားတယ်။ ရေးပေးပါလို့ဆိုတော့ ဒါကိုအလကားနေရင်းရေးပြီးတော့မှ ကော်မရှင်ရုံးမှာသိမ်းထားဖို့မဟုတ်ဘူး။ ဒါကိုလွှတ်တော်တင်ဖို့ ရေးခိုင်းတာသမ္မတကြီးကလည်း။ လွှတ်တော်ကိုပို့ပါဆိုတာမပြောလို့မပို့ဘူးဆိုတာတော့ ဒါကိုယ်စားလှယ်တွေအားလုံးလည်းသိသွားတယ်။ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်ကပြောထားလို့ ဆိုတာတော့ ခင်ဗျားတို့ကိုပထမအကြိမ်ပြည်ထောင်စုလွှတ်တော်က ခန့်ထားတာမဟုတ်ဘူး။ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်ကခန့်ထားတာဆိုတာကို ကျွန်တော်ပြောချင်ပါတယ်” ဟု မင်းကင်းမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က ပြောသည်။ 
အဆိုပါလွှတ်တော်ကိုယ်စားလှယ် ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေကြမ်းကို ယခင်ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ၂၀၁၂ ခုနှစ်၊ သြဂုတ်လတွင် လွှတ်တော်သို့ တင်ပြခဲ့ပြီးနောက် ပထမအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တွင် ဆွေးနွေးခဲ့ရာ သဘောတူညီမှုမရရှိခဲ့ဘဲ ပထမအကြိမ် လွှတ်တော်သက်တမ်းအတွင်း အတည်မပြုဘဲ ဆိုင်းငံ့ထားခဲ့သည်။ 
အထက်ပါဥပဒေကြမ်းသည် အတည်ပြုပြီးပါက မဲဆန္ဒရှင်ပြည်သူများအတွက် ၄င်းတို့ရွေးကောက် တင်မြောက်သောလွှတ်တော်ကိုယ်စားလှယ်၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ကျေနပ်မှုမရှိပါက ပြန်လည်ဖြုတ်ချနိုင်သော အခွင့်အရေးရလာနိုင်မည်ဖြစ်သဖြင့် အတည်ပြုနိုင်ရေးဆောင်ရွက်သင့်ကြောင်း ဝေဖန်ထောက်ပြမှုများ ရှိနေဆဲဖြစ်သည်။ 

မင်းသီဟန်(အကုန်သိသတင်းဌာန)

0 comments:

Post a Comment