ဗဟိုချုပ်ကိုင်မှုလျှော့ချသည့် အခြေခံပညာရေးစနစ်ကို ကျင့်သုံးရေး အဆိုပြု ပြဋ္ဌာန်းချက်ပါဝင်သော အခြေခံပညာရေးဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့သည်။
နေပြည်တော်၌ မတ် ၇ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာနက ယင်းဥပဒေကြမ်းကို တင်သွင်းခဲ့ခြင်းဖြစ်သည်။
အဆိုပါဥပဒေကြမ်း၏ အခန်း (၃) အခြေခံပညာရေးဆိုင်ရာ အခြေခံမှုများတွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်း၍ ဗဟိုချုပ်ကိုင်မှု လျှော့ချသည့် အခြေခံပညာရေးစနစ်ကို ကျင့်သုံးရေးဟူ၍ ပညာရေးဝန်ကြီးဌာနက အဆိုပြုပြဋ္ဌာန်းထားပြီး ဥပဒေကြမ်းကော်မတီကလည်း သဘောတူလက်ခံထားကြောင်း သိရသည်။
ထို့ပြင်ကျောင်းနေအရွယ်ကလေးသူငယ်နှင့် လူငယ်အားလုံး ပညာသင်ယူခွင့်ရရှိရေးအတွက် မသန်စွမ်းသူများအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ယူနိုင်ခဲ့ခြင်းမရှိသူများကို အခြေခံပညာရေး အဆင့်တိုင်းတွင် လူတိုင်းအကျုံးဝင် ပညာရေးအစီအစဉ်၊ အထူးပညာရေးအစီအစဉ်၊ တစ်သက်တာပညာရေးနှင့် ပညာရေးအထူးဝန်ဆောင်မှု အစီအစဉ်များအရ ကျောင်းပညာရေး သို့မဟုတ် ကျောင်းပြင်ပပညာရေးတစ်ခုခုတွင် အခြေခံပညာရေးကို သင်ယူနိုင်ခွင့်ရရှိရေးဟူ၍ ဥပဒေကြမ်းကော်မတီ၏ စိစစ်ချက်ကို ဖော်ပြထားသည်။
ပညာရေးဝန်ကြီးဌာနက အဆိုပြုပြဋ္ဌာန်းထားသည့် အခမဲ့မသင်မနေရ မူလတန်းပညာရေးကို ဦးတည်အကောင်အထည်ဖော်ပြီး အဆင့်ဆင့် တိုးချဲ့ဆောင်ရွက်ရေး၊ အခြေခံပညာရေးအဆင့်အလိုက်နှင့် အတန်းအလိုက် သတ်မှတ်ထားသော သင်ရိုးညွှန်းတမ်းစံများနှင့်အညီ အရည်အသွေးအာမခံမှုရှိသောစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ ပညာလေ့လာသင်ယူရာတွင် သင်ယူသူ၏ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာ၊ မသန်စွမ်းမှုအပါအဝင် မည်သည့်ခွဲခြားမှုမျှ မရှိရေး၊ ပညာသင်ယူသူတိုင်း ပြည်ထောင်စုစိတ်ဓာတ်ပြည့်ဝ၍ တိုင်းရင်းသားအားလုံး၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာနှင့် ရိုးရာဓလေ့များကို မြတ်နိုးလေးစားတန်ဖိုးထားပြီး ထိန်းသိမ်းလိုစိတ်၊ သမိုင်းအမွေအနှစ်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို မြှင့်တင်လိုစိတ်တို့ အကျုံးဝင်သော တန်ဖိုးထားမှုအခြေပြုသည့် အမျိုးသားစရိုက်လက္ခဏာများ ဖွံ့ဖြိုးရေးနှင့် အခြေခံပညာရေးတွင် သင်ယူသူဗဟိုပြုချဉ်းကပ်နည်းအပါအဝင် ထိရောက်သောသင်နည်းများဖြင့် သင်ကြားသင်ယူမှုဖြစ်စဉ်ကို စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်ရေးစသည့်အချက်များကို ဥပဒေကြမ်းကော်မတီကလည်း သဘောတူလက်ခံထားသည်။
ဆက်လက်ပြီး ပညာရေးအညွှန်းကိန်းများကို စဉ်ဆက်မပြတ် စနစ်တကျလေ့လာကြီးကြပ်အကဲဖြတ်၍ မြင့်မားလာရန်ဆောင်ရွက်ရေးနှင့် ကျောင်းသားများကို ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် လူသားကောင်းများဖြစ်စေရန် အကောင်အထည်ဖော်ဆောင်ရွက်ပေးရေးနှင့် ယင်းသို့ ပြုစုပျိုးထောင်နိုင်ရေးအတွက် ဆရာအရည်အသွေးကို စဉ်ဆက်မပြတ်မြှင့်တင်ရေး စသည့်ပညာရေးဝန်ကြီးဌာန၏ အဆိုပြုပြဋ္ဌာန်းချက်များကိုလည်း ဥပဒေကြမ်းကော်မတီက သဘောတူထားသည်။
ယင်းအပြင် ဥပဒေကြမ်း၏ အခန်း (၉) အခြေခံပညာဆရာများအခန်းတွင်ကောင်စီသည် အခြေခံပညာကျောင်းများတွင် တာဝန်ထမ်းဆောင်မည့် ဆရာများ၏ အရည်အချင်းနှင့် စွမ်းဆောင်ရည်ဆိုင်ရာစံများကို ပညာရေးအဆင့်အလိုက် ခွဲခြားသတ်မှတ်ပေးရမည်နှင့် ပညာရေးစီမံခန့်ခွဲသူများသည် အခြေခံပညာကျောင်းများအတွင်း အရည်အသွေးအာမခံမှု လုပ်ငန်းတစ်ရပ်အနေဖြင့် ဆရာများ၏ စွမ်းဆောင်ရည်ကို နှစ်စဉ်အကဲ ဖြတ်ရမည့်အပြင် ဆရာများသည် သတ်မှတ်ချက်နှင့်ကိုက်ညီပါက မိမိတာဝန်ထမ်းဆောင်နေသော ပညာရေးအဆင့်အတွင်းမှာပင် ရာထူးအဆင့် တိုးမြှင့်ရရှိပိုင်ခွင့်၊ သင်ရိုးညွှန်းတမ်းနှင့်ကိုက်ညီသော သင်နည်းစနစ်များကို လွတ်လပ်စွာ ရွေးချယ်ခွင့်၊ မိမိတို့လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားစေရေးအတွက် အစဉ်လေ့လာသင့်ယူခွင့်နှင့် တည်ဆဲဥပဒေများနှင့်အညီ ဖွဲ့စည်းထားသော အသင်းနှင့် အဖွဲ့အစည်းများတွင် ပါဝင်ခွင့် စသည့် အခွင့်အရေးများ ရပိုင်ခွင့်ရှိကြောင်း ပညာရေးဝန်ကြီးဌာနက အဆိုပြုပြဋ္ဌာန်းထားပြီး ဥပဒေကြမ်းကော်မတီကလည်း သဘောတူလက်ခံထားသည်။
Eleven Media Group







0 comments:
Post a Comment