Friday, March 29, 2019

ဆော်ဒီအာရေးဗီးယားသို့ နျူကလီးယားစွမ်းအင် နည်းပညာ ရောင်းချပေးရန် အမေရိကန်အတည်ပြု


ဆော်ဒီအာရေးဗီးယားသို့ နျူကလီးယားစွမ်းအင် နည်းပညာ ရောင်းချပေးရန်နှင့် အကူအညီပေးရန် အမေရိကန်ကုမ္ပဏီများက တင်ပြထားသော လျှို့ဝှက်စီမံကိန်းခြောက်ခုကို အမေရိကန် စွမ်းအင်ဝန်ကြီး ရစ်ပယ်ရီက အတည်ပြုလိုက်သည်ဟု ဗုဒ္ဓဟူးနေ့က တွေ့မြင်ခဲ့ရသော အထောက်အထားမိတ္တူများအရ သိရှိရကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။ 
နျူကလီးယား ဓာတ်အားပေးစက်ရုံ အနည်းဆုံးနှစ်ခု တည်ဆောက်ရန် ရည်မှန်းနေသော ဆော်ဒီအာရေးဗီးယားသို့ အမေရိကန် နျူစွမ်းအင်နည်းပညာကို ရောင်းချနိုင်ရန် ထရမ့်အစိုးရက တိတ်တဆိတ် ကြိုးစားလျက်ရှိသည်။ အဆိုပါ ကန်ထရိုက်အတွက် အမေရိကန်၊ ရုရှားနှင့် တောင်ကိုရီးယားကုမ္ပဏီများ ယှဉ်ပြိုင်နေကြပြီး လုပ်ကိုင်ခွင့်ရသူကို နှစ်ကုန်ပိုင်းတွင် ဆော်ဒီက ကြေညာမည်ဟု မျှော်လင့်ရသည်။ 

ဝန်ကြီးပယ်ရီ၏ Part 810 ခွင့်ပြုချက်သည် ကန်ထရိုက်လုပ်ကိုင်ခွင့်မရမီ အကြိုစူးစမ်းမှုများ ပြုလုပ်နိုင်ရန် ခွင့်ပြုလိုက်ခြင်းဖြစ်သည်။ 

ကုမ္ပဏီများက ခွင့်ပြုချက်ကို လျှို့ဝှက်ထားရန် ထရမ့်အစိုးရအား တောင်းဆိုထားသည်ဟု အမျိုးသားနျူကလီးယားလုံခြုံရေးဌာန NNSA ၏ ထုတ်ပြန်စာတွင် ဖော်ပြထားသည်။ ယခင်ကမူ စွမ်းအင်ဌာနသည် Part 810 ခွင့်ပြုချက်များကို ဖတ်ရှုနိုင်ရန် ရုံးချုပ်တွင် ထုတ်ပြန်ထားလေ့ရှိသည်။ 

အမေရိကန် လွှတ်တော်အမတ်များကမူ ဆော်ဒီသို့ နျူကလီးယားနည်းပညာ ရောင်းချပေးမှုကြောင့် အရှေ့အလယ်ပိုင်းတွင် နျူကလီးယားလက်နက်ပြိုင်ပွဲ ဖြစ်လာနိုင်ခြင်းကို စိုးရိမ်နေကြသည်။ 

အိမ်ရှေ့မင်းသား ဘင်ဆော်လ်မန်က ဒေသတွင်းပြိုင်ဘက် အီရန်တွင် နျူလက်နက် ရှိလာပါက ဆော်ဒီနိုင်ငံကလည်း နျူလက်နက်များကို တီထွင်စမ်းသပ်မည်ဟု CBS သတင်းဌာနသို့ ယခင်နှစ်က ပြောကြားခဲ့ဖူးသည်။ 

ဆော်ဒီထံ နျူကလီးယားနည်းပညာ ရောင်းချရေးနှင့် ပတ်သက်၍ လွှတ်တော်၏ စိုးရိမ်မှုများသည် ပြီးခဲ့သော အောက်တိုဘာလက အစ္စတန်ဘူးလ် ဆော်ဒီကောင်စစ်ဝန်ရုံးတွင် ဝါရှင်တန်ပို့စ် သတင်းထောက် ခါရှော့ဂီ လုပ်ကြံသတ်ဖြတ်ခံရပြီးနောက်တွင် မြင့်တက်လာခဲ့သည်။ Part 810 ဟုခေါ်သော ခွင့်ပြုချက်များကို ၂၀၁၇ နိုဝင်ဘာလ နောက်ပိုင်း ချပေးခဲ့ခြင်းဖြစ်သော်လည်း ခါရှော့ဂီ အသတ်ခံရမှုဖြစ်ပွားပြီးမှ ချပေးခြင်း ဟုတ်၊ မဟုတ်ကိုမူ တိကျစွာမသိရပေ။ 

ဗုဒ္ဓဟူးနေ့က ကွန်ဂရက်ကြားနာပွဲတွင် ဒီမိုကရက်အမတ် ဘရက်ရှားမန်းက နိုင်ငံခြားရေးဝန်ကြီး ပွန်ပီယိုအား ခွင့်ပြုချက်ရ ကုမ္ပဏီများ၏အမည်များကို ဧပြီလလယ် နောက်ဆုံးထား၍ ထုတ်ပြန်ပေးရန် တောင်းဆိုခဲ့ရာ ပွန်ပီယိုက စဉ်းစားပါမည်ဟု ပြောကြားခဲ့သည်။ 

ဘရက်ရှားမန်းက ထရမ့်အစိုးရသည် ဆော်ဒီသို့ နျူကလီးယားနည်းပညာ ရောင်းချရေးကိစ္စတွင် ကွန်ဂရက်ကို ရှောင်ကွင်းရန် ကြိုးစားခဲ့သည်ဟုလည်း ဝေဖန်လိုက်သည်။ 

The Voice 

0 comments:

Post a Comment