Friday, March 29, 2019

သတ်မှတ်စည်းကမ်းနှင့်မညီသည့် မော်တော်ယာဉ်များကို အမြန်လမ်းတွင် မောင်းနှင်ခွင့်ပိတ်မည်


ခရီးသည်တင်ယာဉ်၊ မီနီဘတ်စ်ယာဉ်၊ ကုန်တင်ယာဉ်နှင့် Light Truck ယာဉ်များကို သတ်မှတ်စည်းကမ်းချက်များနှင့် မကိုက်ညီပါက ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ဖြတ်သန်းမောင်းနှင်ခွင့် ပိတ်မည်ဖြစ်ကြောင်း အမြန်လမ်းပြုပြင်ထိန်းသိမ်းရေးနှင့် ကြီးကြပ်မှုအင်ဂျင်နီယာအဖွဲ့မှ အင်ဂျင်နီယာမှူးကြီး ဦးတိုးတိုးက ပြောကြားသည်။
“စည်းကမ်းသတ်မှတ်ချက်တွေကို မတ်လ ၃၀ ရက်နေ့မှာ နိုင်ငံပိုင်သတင်းစာတွေမှာ ထည့်သွင်းဖော်ပြပါမယ်။ သတ်မှတ်ချက်တွေအနေနဲ့ကတော့ ယာဉ်​အမျိုးစား​ပေါ်မူတည်​ပြီး ကွဲလွဲပါတယ်​”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် ဖြတ်သန်းမောင်းနင်နေကြသည့် ခရီးသည်တင်ယာဉ်၊ ကုန်တင်ယာဉ် (မှတ်ပုံတင်ပြီး အမြန်လမ်းပေါ် တက်ရောက်မောင်းနင်းခွင့်ပြုထားသည့် ယာဉ်၊မီနီဘတ်စ်ယာဉ်နှင့် Light Truck မော်တော်ယာဉ်များကို လာမည့် ဧပြီလ ၈ ရက်နေ့မှစတင်ပြီး စည်းကမ်းချက်နှင့်မကိုက်ညီလျှင် မောင်းနင်ခွင့်ပိတ်ပင်သွားမည်ဖြစ်သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန လက်အောက် အမြန်လမ်းပြုပြင်ထိန်းသိမ်းရေးနှင့် ကြီးကြပ်မှုအင်ဂျင်နီယာအဖွဲ့က ထုတ်ပြန်ချက်များတွင် ခရီးသည်တင်ယာဉ်။

မီနီဘတ်စ်ယာဉ်၊ ကုန်တင်ယာဉ် (မှတ်ပုံတင်ပြီး မောင်းနင်ခွင့်ပြုယာဉ်) များအတွက် စည်းကမ်းချက်၂၀ သတ်မှတ်ထားပြီး Light Truck ယာဉ်အတွက် စည်းကမ်းချက် ၁၈ ချက်သတ်မှတ်ထားပြီး ကွာခြားချက်အနည်းငယ်သာရှိကြောင်း ခရီးသည်တင်ယာဉ်များမှာမူ ယာဉ်မောင်းသာမက ခရီးသည်အားလုံး ထိုင်ခုံခါးပတ်ကို ပတ်ထားရမည်ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်မှ မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်အထိ မိုင်ပေါင်း ၃၃၆ မိုင်ခန့် ရှည်လျားသည့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကို ၂၀၁၈ ခုနှစ် မတ်လ ၂၅ ရက်နေ့က ရန်ကုန်-နေပြည်တော်လမ်းပိုင်း၊၂၀၁၀ ခုနှစ် ဇန်နဝါရီလခန့်က နေပြည်တော်-မန္တလေးလမ်းပိုင်းကို စတင်ဖွင့်လှစ်ခဲ့ပြီး တစ်နေ့လျှင် ယာဉ်စီးရေ ၁၀၀၀၀ အထက် ဖြတ်သန်းမောင်းနင်နေကြသည်ဟု အမြန်လမ်းပြုပြင်ထိန်းသိမ်းရေးနှင့် ကြီးကြပ်မှုအင်ဂျင်နီယာအဖွဲ့မှ စုံစမ်းသိရှိရသည်။

The Voice

0 comments:

Post a Comment