Friday, March 29, 2019

လူကြီးလာမည်ဆိုမှ ရှင်းလင်းထားသည့် ကိစ္စများ လက်ရှိအချိန်ထိ ရှိနေဟုဆို


မြန်မာနိုင်ငံတွင် လူကြီးလာမည်ဆိုမှ ရှင်းလင်းထားသည့် ကိစ္စများ လက်ရှိအချိန်အထိ ဖြစ်နေသည်မှာ အကြည့်ရဆိုးလွန်းပြီး မဖြစ်သင့်တော့ကြောင်း ဗိုလ်တစ်ထောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်မြင့်မြင့်စိုးက မတ်လ ၂၉ ရက်တွင်ပြောကြားသည်။ 
''ကျွန်မတို့လည်း ဒီလိုကိစ္စမျိုးတွေကို စိတ်ပျက်ပါတယ်။ အမှန်တော့ အရှိကို အရှိအတိုင်းမြင်ရမယ်။ ဒါမှ ပြုပြင်သင့်တာ ပြင်နိုင်မှာလေ။ လူကြီးလာမှ လမ်းရှင်းထားရင် ဒီနေ့ ရှင်းပြီး နက်ဖြန်ဆို ပြန်ပျက်မှာပဲလေ။ ခေတ်အဆက်ဆက် ဖြစ်လာတဲ့ ကိစ္စတွေက ခုချိန်ထိရှိနေတာ အကြည့်ရဆိုးပါတယ်။ ကျွန်မတို့လည်း မဖြစ်စေချင်ပါဘူး'' ဟု ၎င်းက ပြောသည်။ 

ပြီးခဲ့သည့် လပိုင်းအတွင်းက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တိုင်းနှင့် ပြည်နယ်များသို့ သွားရောက်သည့် ခရီးစဉ်တွင် မလာမီ လမ်းပြင်ခြင်း လမ်းရှင်းထားခြင်း ကျုးကျော်ဆိုင်ခန်းနှင့် ဈေးတန်းများ ရှင်းလင်းထားသည့် ကိစ္စရပ်များ ဖြစ်ပွားခဲ့ပြီး လူမှုကွန်ရက်များပေါ်၌ အဆိုပါဖြစ်စဉ်များအပေါ် ပြည်သူလူထု၏ ဝေဖန်မှုများဖြစ်ခဲ့သည်။ 

''ကျွန်မတို့က ကိုယ်စားလှယ်ဆိုတော့ ပြည်သူလူထု ကိုယ်စား ပြောရတဲ့ Speaker တွေပါ။ ကျွန်မတို့  ပြောလို့ လူကြီးတွေလာကြည့်တော့ အကုန်ရှင်းထားတယ်။ ပြီးရင် နဂိုအတိုင်းပြန်ဖြစ်တာပဲ တိုင်းနဲ့ ပြည်နယ်တွေမှာလည်း ဒီလိုမျိုးဖြစ်နေတာ သတိထားမိတယ်'' ဟု ဒေါ်မြင့်မြင့်စိုးက ပြောသည်။ 

ကိုဖူးသစ်
Isee Media 

0 comments:

Post a Comment