Friday, March 29, 2019

ညောင်ဦးတွင် ငြိမ်းစုစီဥပဒေဖြင့် ထောင်တစ်လကျခံရသူ ၆ ဦး ပြန်လွတ်ချိန် အောင်သပြေပန်းဖြင့် ကြိုဆို



ငြိမ်းစုစီဥပဒေဖြင့် ထောင်ဒဏ်တစ်လ ကျခံရသူ ၆ ဦး ပြန်လွတ်မြောက်သည့်ယနေ့တွင် ညောင်ဦးမြို့ အကျဉ်းဦးစီးဌာန အကျဉ်းထောင်တံခါး အပေါက်ဝရှေ့တွင် ပုဂံညောင်ဦး ဟိုတယ်ချစ်သူ မြို့နယ် အလုပ်သမားသမဂ္ဂအဖွဲ့အစည်း (HLOB) က ဦးဆောင်ပြီး ယင်းမြို့ ဟိုတယ်ဝန်ထမ်း ၇၀ ခန့်က အောင်သပြေပန်းဖြင့် ကြိုဆိုမှု ပြုလုပ်သည်။ 
ယင်းမြို့ HLOB အဖွဲ့အစည်း အခြေခံအလုပ်သမား သမဂ္ဂအဖွဲ့ဝင်များက မတ်လ ယနေ့ နံနက် ၈ နာရီခန့်က အောင်သပြေပန်းများ၊ စပယ်ပန်းကုံးများဖြင့် ကြိုဆိုပြီး ယင်းရှေ့၌ ၄င်းတို့ ၆ ဦးအား တရော်ကင်မွန်းဖြင့် ခေါင်းဆေးမင်္ဂလာပြုလုပ်၍ အားပေးစကားပြောကြားသည်။ 

ထို့နောက် ပုဂံမြို့သစ်ရှိ HLOB အဖွဲ့ရုံး၌ ယင်းနေ့ နံနက်ပိုင်း ၉ နာရီခန့်တွင် ၄င်းတို့ ၆ ဦးနှင့် ယင်းမြို့ဟိုတယ်ဝန်ထမ်းများကို တွေ့ဆုံမှုပြုလုပ်သည်။ 

ယင်းတွေ့ဆုံပွဲတွင် ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုသဖြင့် ထောင်ကျခဲ့ရသော အလုပ်သမားများ၏ မိသားစုတွေကိုတော့ စိတ်မကောင်းဖြစ်မိကြောင်း၊ သို့သော် အလုပ်သမားအားလုံး၏ ရှေ့ဆောင်လမ်းပြကောင်းဖြစ်လို့ ဂုဏ်ယူမိကြောင်း၊ ၄င်းတို့ ၆ ဦးနှင့် ဟိုတယ်ဝန်ထမ်းများကို အားပေးစကားပြောကြားပြီး HLOB အလုပ်သမားသမဂ္ဂအဖွဲ့အစည်း ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို HLOB ဥက္ကဋ္ဌဦးသိန်းရွှေ က ပြောကြားသည်။ 

ငြိမ်းစုစီဥပဒေဖြင့် ပြစ်ဒဏ်တစ်လ ကျခံရသူ သရပါဟိုတယ် အခြေခံအလုပ်သမား သမဂ္ဂအဖွဲ့အစည်း ဥက္ကဋ္ဌ ကိုနေမျိုးဝင်းက ယင်းတွေ့ဆုံပွဲတွင် “ထောင်တစ်လကျခဲ့တယ်။ ဒါဟာ ကျွန်တော်တို့ ခွန်အားဖြည့်ပေးလိုက်တာလို့ပဲ ကျွန်တော်တို့ ခံယူတယ်။ ကျွန်တော်တို့က အလုပ်လည်း မတရားထုတ်ခံရတယ်။ ဒီကြားထဲမှာ အလုပ်ပြန်ရဖို့ ကျွန်တော်တို့ တောင်းဆိုတဲ့ကြားကနေ ထောင်ကျတယ်။ ဒါကြောင့်မလို့ ဒီမတရားမှုကို ကျွန်တော်တို့က မျက်ကွယ်ပြုပြီးတော့ ဖျောက်ဖျက်ထားမယ်ဆိုရင် ဒါသမိုင်းတရားခံဖြစ်မှာဘဲ။ အဲဒီအတွက် ကျွန်တော်တို့က သမိုင်းတရားခံအဖြစ်မခံဘူး။ ဆက်လက်ပြီးတော့ ဒီအဓမ္မဝါဒကို ဆုတ်ကိုင်ထားတဲ့ လုပ်ငန်းရှင်ဟူသရွေ့ တော်လှန်တွန်းလှန်မှာပါ”ဟု ပြောသည်။ 


ပုဂံသရပါ ဟိုတယ်အလုပ်သမား ၁၂ ဦး အလုပ်ထုပ်ခံရခြင်းနှင့်ပတ်သက်၍ အလုပ်ပြန်လည်ရရှိရေး ဆန္ဒဖော်ထုတ်မှုများတွင် ညောင်ဦးမြို့နယ် တရားရုံးက မတ်လ ၁ ရက်နေ့တွင် ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ ဖြင့် ကိုနေမျိုးဝင်း၊ ကိုအောင်ဆန်းလင်း၊ ကိုဟိန်းသူရဇော်၊ ကိုတင်ဇော်ဝင်း၊ မမာလာစိုး၊ မယမင်းထွန်း ၄င်းတို့ ၆ ဦးအား ပြစ်ဒဏ် ထောင်တစ်လစီ အမိန့်ချမှတ်ခဲ့၍ ထောင်က လွှတ်မြောက်လာခြင်းဖြစ်သည်။









The Voice 

0 comments:

Post a Comment