Friday, March 29, 2019

အီးယူက မလေးရှားနှင့် ကုန်သွယ်ရေးစစ်ပွဲ ဆင်နွှဲရန် လုပ်ဆောင်နေဟု မဟာသီယာ ပြော


ဆီအုန်းအသုံးပြုမှု လျှော့ချဖို့ ရည်ရွယ်တဲ့ မမျှတတဲ့ မူဝါဒတွေနဲ့ ပတ်သက်လို့ ဥရောပသမဂ္ဂ (အီးယူ) ဟာ မလေးရှားနဲ့ ကုန်သွယ်ရေးစစ်ပွဲ ဆင်နွှဲဖို့ အရဲစွန့် လုပ်ဆောင်နေတယ်လို့ မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမတ်က မတ်လ ၂၈ ရက်နေ့မှာ ပြောလိုက်ပါတယ်။ 
ဆီအုန်းစိုက်ပျိုးရေးက တောပြုန်းမှုကို ဆိုးဆိုးရွားရွား ဖြစ်စေပြီး ဆီအုန်းကို လောင်စာဆီအဖြစ် အသုံးပြုတာကို ၂၀၃၀ မှာ ရပ်လိုက်သင့်တယ်လို့ အီးယူက အခုလအတွင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ 

အင်ဒိုနီးရှားပြီးရင် မလေးရှားက ကမ္ဘာ့ ဒုတိယအကြီးဆုံး ဆီအုန်းစိုက်ပျိုးတဲ့နိုင်ငံ ဖြစ်ပါတယ်။ 

အဲဒါကြောင့် မလေးရှားဟာ ဒေါ်လာ ဘီလျံချီတဲ့ နိုင်ငံခြားဝင်ငွေ ရရှိရေးနဲ့ သိန်းချီတဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေအတွက် ဆီအုန်းစိုက်ခင်းတွေကို မှီခိုနေရပါတယ်။ 

ဆီအုန်းကို ချောကလက်ကနေ နှုတ်ခမ်းနီအထိ လူသုံးကုန်ပစ္စည်း တော်တော်များများမှာ သုံးလေ့ရှိပါတယ်။ 

အီးယူရဲ့ ဆီအုန်းစိုက်ပျိုးရေးအပေါ် သဘောထားပြင်းထန်လာတာဟာ သူတို့ကိုယ်တိုင် ထုတ်လုပ်တဲ့ ဆီအုန်းအစားထိုး ထုတ်ကုန်တွေကို ကာကွယ်ဖို့ဖြစ်တယ်လို့ မဟာသီယာက ပြောပါတယ်။ 

၂၀၁၈ ရွေးကောက်ပွဲမှာ တကျော့ပြန် အနိုင်ရခဲ့တဲ့ အသက် ၉၃ နှစ်အရွယ် ဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်ဟာ တိုင်းပြည်စီးပွားရေး ပြန်ဦးမော့လာဖို့နဲ့ အကျင့်ပျက်ခြစားမှုတွေ အဆုံးသတ်ဖို့ ကတိပြုထားပါတယ်။

DVB

0 comments:

Post a Comment