Friday, March 29, 2019

မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်မှ တစ်ဆင့် တရုတ်နိုင်ငံသို့ ဖရဲ၊ သခွား တင်ပို့မှုကောင်းနေပြီး တစ်ရက်လျှင် သစ်သီးတင်ယာဉ်စီးရေ ၇၀၀ စီး ဝန်းကျင်ခန့်ထိ ဝင်ရောက်


ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဆင့် တရုတ်နိုင်ငံသို့ ဖရဲ၊သခွားနှင့် အခြားသစ်သီးများ တင်ပို့မှုမှာ ယခုရက်ပိုင်းအတွင်း ပိုမိုများပြားနေပြီး တစ်ရက်လျှင် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်အတွင်းသို့ သစ်သီးကား ဝင်ရောက်မှုမှာ အစီးရေ ၇၀၀ ဝန်းကျင်ခန့်ထိ ရှိကြောင်း သိရသည်။ 
“အခုရက်ပိုင်းအတွင်း သစ်သီးကားတွေ အဝင်များပါတယ်။ တစ်ရက်ကို ဖရဲနဲ့ သခွား တင်တဲ့ကားတွေ အစီးရေ ၇၀၀ ကျော် လောက်ထိတောင် ဝင်တယ်။ ဈေးနှုန်းကတော့ အရင်နှစ်တွေလို ပုံမှန်ဈေးပါပဲ။ သင်္ကြန်ကာလအတွင်းမှာတော့ အရောင်းအဝယ်က ပုံမှန်အတိုင်း ဖြစ်နေမှာပါ။ ဒါပေမယ့် ကားစီးရေကတော့ ပုံမှန်ထက် နည်းသွားမှာပေါ့ “ဟု မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးစခန်း သစ်သီးဝလံကုန်စည်ဒိုင်မှ ဒေါ်ရီရီခိုင်က ပြောကြားသည်။ 

ယခုရက်ပိုင်းအတွင်းတွင် မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးစခန်းရှိ သစ်သီးဝလံ ကုန်စည်ဈေးကွက်အတွင်းသို့ ဖရဲသီး ၊ သခွားသီးတင်ယာဉ် အများဆုံး ဝင်ရောက်ပြီး ဖရုံသီးတင်ယာဉ်မှာ ကားစီးရေ အနည်းငယ် ဝင်ရောက်မှုရှိခဲ့ကြောင်း သိရသည်။ 

“ဒီရက်ပိုင်း ဖရဲနဲ့သခွား အဝင်များတယ်။ သစ်သီးကားတွေကတော့ ကျင်းစန်းကျော့နဲ့ ပန်ဆိုင်းဘက်ကနေ အဆင်ပြေသလို ဝင်တယ်။ ဖရဲကတော့ လတ်တလောမှာ ရှမ်းပြည်သီးတွေ အဝင်များတယ်။ ရာသီဥတုက အပူချိန်များတော့ ဂျပ်ဖာသီးတွေ အပူလောင်တာတွေ ရှိတယ်။ တာရှည်ခံအောင် လေပေါက်ချန်ဖို့ လိုတယ်” ဟု သစ်သီးကုန်သည်တစ်ဦးက ပြောကြားသည်။ 

မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်အတွင်းရှိ သစ်သီးဝလံ ဈေးကွက်အတွင်းသို့ မတ် ၂၃ ရက်တွင် ဖရဲသီးတင်ယာဉ် ၃၇၃ စီးဖြင့် ဖရဲတန်ချိန် ၄၈၂၉ တန်၊ သခွားသီးတင်ယာဉ် ၃၄၄ စီးဖြင့် သခွားသီးတန်ချိန် ၂၇၀၂ တန်၊ မတ် ၂၄ ရက်တွင် ဖရဲသီးတင်ယာဉ် ၃၇၆ စီးဖြင့် ဖရဲတန်ချိန် ၄၉၄၂ တန်၊ သခွားသီးတင်ယာဉ် ၃၀၉ စီးဖြင့် သခွားသီး တန်ချိန် ၂၅၆၄ တန်၊ မတ် ၂၅ ရက်တွင် ဖရဲသီးတင်ယာဉ် ၃၃၆ စီးဖြင့် ဖရဲတန်ချိန် ၄၄၃၁ တန်၊ သခွားသီးတင်ယာဉ် ၃၂၅ စီးဖြင့် သခွားသီးတန်ချိန် ၂၆၄၀ တန်၊ မတ် ၂၆ ရက်တွင် ဖရဲသီးတင် ယာဉ် ၃၆၉ စီးဖြင့် ဖရဲတန်ချိန် ၄၈၂၃ တန်၊ သခွားသီးတင်ယာဉ် ၃၁၉ စီးဖြင့် သခွားသီးတန်ချိန် ၂၅၅၂ တန် ဝင်ရောက်ခဲ့ပြီး ဖရဲသီး တစ်တန်လျှင် အမြင့်ဈေး ၄၅၀၀ ယွမ်၊ သခွားသီး တစ်တန်လျှင် ၆၀၀၀ ယွမ်ထိ ဈေးရရှိကြောင်း သိရသည်။ 

Eleven Media Group

0 comments:

Post a Comment