Saturday, March 30, 2019

မန္တလေးမြို့သည် စည်းကမ်းမထိန်းသိမ်းပါက ငါးနှစ်အတွင်း ရန်ကုန်မြို့အတိုင်း ဖြစ်လာမည်ဟု မန္တလေးမြို့တော်ဝန် ပြောကြား



မန္တလေးမြို့သည် စည်းကမ်းမထိန်းသိမ်းပါက ငါးနှစ်အတွင်း ရန်ကုန်မြို့အတိုင်း ဖြစ်လာမည်ဟု မန္တလေးမြို့တော်ဝန် ဦးရဲလွင်က မတ် ၃၀ ရက်တွင် ၎င်း၏ Facebook စာမျက်နှာ၌ ရေးသားထားကြောင်း သိရသည်။ 
မန္တလေးမြို့တော်ဝန် ဦးရဲလွင်က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် “ရိုးရိုးမီးပွိုင့် နေရာများ၊ မီးပွိုင့်မှ ပေ ၁၀၀ အတွင်း မည်သည့်ယာဉ်မှ ရပ်ခွင့်မရှိပါကြောင်း၊ SCATS Sydney Coordinated Adaptive Traffic System သုံး မီးပွိုင့်များတွင် ယာဉ်ဖြတ်သန်း သွားလာမှု ပိုမိုကောင်းမွန်စေရန် နှစ်လမ်းသွားမှ သုံးလမ်း သို့မဟုတ် လေးလမ်းအထိ တိုးချဲ့ရသည့်အတွက် မီးပွိုင့်မရောက်မီ ပေ ၁၅၀ မှ ၁၇၀ အလိုတွင် လမ်းကြောင်းများခွဲပြီး လမ်းလယ်သံပန်း အဆုံးအထိ ဖြူနီကြားများ ရေးဆွဲရကြောင်း” ရေးသားထားသည်။ 

ထို့ပြင် SCATS မီးပွိုင့်များ၏ ယာဉ်ကြောတစ်ခုချင်းစီတွင် Vehicle detector sensor loop များ မြှုပ်ထားသည့်အတွက် ဖြတ်နေသည့်ကားများ၏ data ကို အတိအကျ ရသည့်အတွက် ဘယ် lane ကို ဘယ်လောက် စိမ်းပေးမည်။ ဘယ်လောက်ကြာကြာ နီပေးမည်ကို System မှ အလိုအလျောက် လုပ်ဆောင် ပေးသွားမည်ဖြစ်ကြောင်း၊ မီးပွိုင့်တစ်ခုနှင့် တစ်ခုကိုလည်း သတင်းအချက်အလက် ပို့ပေးသဖြင့် ယာဉ်စီးဆင်း ဖြတ်သန်းမှု ပိုမြန်ဆန်လာကြောင်း မန္တလေးမြို့တော်ဝန် ဦးရဲလွင်၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။ 

ယင်းအပြင် မီးပွိုင့်၏ သတ်မှတ်ထားသော ဧရိယာအတွင်း ယာဉ်များ ရပ်နားထားပါက မီးပွိုင့်၌ ယာဉ်များ အသုံးပြုနိုင်မည့် ယာဉ်ကြောတစ်ကြောင်း lane တစ်ခု လျော့နည်းသွားမည် ဖြစ်သဖြင့် ယာဉ်သွားလာမှုကို အကြီးအကျယ် အဟန့်အတားဖြစ်စေပြီး traffic flow နှေးသွားနိုင်ကြောင်း၊ အလားတူ မီးပွိုင့်မရှိသည့် လမ်းထောင့်များတွင် ပေ ၅၀ အထိ ဖြူနီကျားရေးဆွဲပြီး လမ်းသွယ်နှင့် ဝင်းကြားလမ်းများက ထွက်လာသည့် ယာဉ်များ အမြင်မကွယ်အောင် တစ်ဖက်ကို ၁၀ ပေအထိ ရေးဆွဲပေးထားကြောင်း ဦးရဲလွင်၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထား သည်။ 

ဆက်လက်ပြီး လမ်းနှင့်ယှဉ်ပြီး ရပ်သည့်ကားများသည် ပလက်ဖောင်းကပ်တုံးနှင့် တစ်ပေထက်ပိုခွာပြီး ရပ်ခွင့်မရှိကြောင်း၊ အမျိုးသား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ NRSC (National Road Safety Council) တွင် ကျွန်တော်သည် အဖွဲ့ဝင်ဖြစ်ကြောင်း၊ မန္တလေးမြို့တော်တွင် ယာဉ်အန္တရာယ် လျော့ကျရေးအတွက် စီမံချက် တစ်ခုပြီးတစ်ခု ဘတ်ဂျက်ပေါ်မူတည်ပြီး ဆောင်ရွက်ပေးနေကြောင်း ၎င်းက ရေးသားထားသည်။ 

ထို့ပြင် မိမိဆိုင်ရှေ့၌ ကားရပ်ခွင့်မရှိ၍ အရောင်းကျဆင်းခြင်းမျိုး မဖြစ်နိုင်ကြောင်း၊ မြို့တော်သားများ၊ လမ်းလျှောက်မှု အဆင်ပြေရန်အတွက် ပလက်ဖောင်းများအားလုံး precast platform များဖြင့် တစ်ဆင့်ခြင်း လဲပေးသွားမည်ဖြစ်ပြီး ဖြစ်သလို parking areas တွေကိုလည်း ဆေးတွေ စဆွဲပေးနေပြီ ဖြစ်ကြောင်း၊ Smart parking ဖြစ်လာအောင်လည်း ကြိုးစားနေဆဲဖြစ်ကြောင်း၊ စည်းကမ်း မထိန်းသိမ်းရင် ငါးနှစ်အတွင်း ရန်ကုန်အတိုင်း ဖြစ်လာမှာမို့ပါဟု ဦးရဲလွင်၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားခဲ့ကြောင်း သိရသည်။ 

Eleven Media Group


0 comments:

Post a Comment