Friday, March 29, 2019

ဂါဇာဒေသကို စစ်ဆင်ရေး လုပ်ရမည်ဆိုပါက အသင့်ဖြစ်ရန် အစ္စရေး ပြင်ဆင်ထား


အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ဂါဇာဒေသကို မဖြစ်မနေ စစ်ဆင်ရေး လုပ်ရမယ်ဆိုရင် အသင့်ဖြစ်အောင် ပြင်ဆင်ထားတယ်လို့ မတ်လ ၂၈ ရက်နေ့က ပြောလိုက်ပါတယ်။ 
အစ္စရေးရွေးကောက်ပွဲ ကျင်းပဖို့ နီးကပ်လာချိန် အစ္စရေး-ဂါဇာ နယ်စပ်မှာ အပြန်အလှန် ပစ်ခတ်မှုတွေကြောင့် စစ်ရေးအခြေအနေ တင်းမာနေတာပါ။ 

ဧပြီ ၉ ရက် ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် နေတန်ယာဟုအတွက် လုံခြုံရေးကဏ္ဍက အဓိက အရေးပါဆုံး ဖြစ်နေပါတယ်။ 

လွန်ခဲ့တဲ့ ၁၀ နှစ်ကတည်းက ဝန်ကြီးချုပ်ရာထူး တာဝန်ထမ်းဆောင်နေတဲ့ နေတန်ယာဟုဟာ လက်ရှိမှာ အကျင့်ပျက်ခြစားတဲ့ စွဲချက်တွေနဲ့ စွပ်စွဲခံထားရပေမယ့် သူကတော့ ငြင်းဆိုထားပါတယ်။ 

ဒါ့အပြင် သူဟာ ဧပြီရွေးကောက်ပွဲအတွက် ဗိုလ်ချုပ်ဟောင်းတယောက် ဦးဆောင်တဲ့ ဗဟိုဝါဒီညွန့်ပေါင်းအဖွဲ့ရဲ့ အားကောင်းတဲ့ စိန်ခေါ်မှုနဲ့လည်း ရင်ဆိုင်နေရပါတယ်။ 

မတ်လ ၂၅ ရက်နေ့က ဂါဇာဒေသကို ထိန်းချုပ်ထားတဲ့ ဟားမတ်စ် စစ်သွေးကြွအဖွဲ့က အစ္စရေးဘက်ကို ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့တာကြောင့် တဲလ်အဗစ်မြို့မြောက်ပိုင်း ကျေးရွာတရွာမှာ အစ္စရေး ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။ 

အဲဒါကြောင့် အစ္စရေးစစ်တပ်ကလည်း ဂါဇာဘက်ကို ဒုံးကျည်တွေနဲ့ ပြန်ပစ်ခဲ့ပါတယ်။ လက်ရှိမှာ အစ္စရေးစစ်တပ်က ဂါဇာနယ်စပ်မှာ တင့်ကားတွေ တပ်ချပြီး အင်အားတိုးမြှင့်ထားပါတယ်။

DVB

0 comments:

Post a Comment