Friday, March 29, 2019

ဗိုလ်မှူးကြီးဗထူး ကျောက်တိုင်ဖြိုချမှု ရာပြည့်ကော်မတီ ကန့်ကွက်



ရှမ်းပြည်နယ်၊ ​အောင်​ပန်းမြို့ရှိ ဗိုလ်မှူးကြီးဗထူး ကျောက်​စာတိုင်​ ဖြိုချခဲ့တာနဲ့ပတ်သက်ပြီး ဗိုလ်မှူးကြီးဗထူး ရာပြည့်ကော်မတီ (တနင်္သာရီတိုင်းဒေသကြီး) က ကန့်ကွက်ရှုတ်ချကြောင်း ကြေညာပါတယ်။ 
ဗိုလ်မှူးကြီးဗထူးနဲ့ ပတ်သက်တဲ့ အမှတ်တရတွေကို အခုလိုဖြိုချတာကို ကန့်ကွက်ရှုတ်ချကြောင်းနဲ့ နောက်နောင် ဒါမျိုးမဖြစ်အောင် သတိပြုသင့်ကြောင်း ကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးကျော်ထွေးက ပြောပါတယ်။ 

“ကျနော်တို့ စစသိရတာက ဒီလိုမျိုး ဖြိုချဖို့ မဟုတ်ဘူးပေါ့နော်။ ရွှေ့ပြောင်းမယ်ဆိုတော့ ကျနော်တို့လည်း စောင့်ကြည့်နေတာပေါ့နော်။ လမ်းတွေနဲ့ မလွတ်ဘူးဆိုတာ သိရတော့ ရွှေ့ပြောင်းမယ်ဆိုတော့ အဆင်ပြေပါတယ်ပေါ့။ ပန်းခြံဘက်ကို ရွှေ့လိုက်ရင်ပေါ့။ အခုဟာက ရွှေ့ပြောင်းတဲ့ပုံစံ မဟုတ်ဘဲနဲ့ အဲလိုမျိုး စက်ယန္တရားကြီးတွေ သုံးပြီးတော့ ဖြိုချသွားတယ်ပေါ့နော်။ ရွှေ့ပြောင်းတဲ့အဆင့်လောက်ကိုတော့ ကျနော်တို့ သဘောတူပါတယ်ခင်ဗျာ။ ဒါပေမယ့် အခုတွေ့ရတဲ့ပုံစံက စိတ်လည်းမကောင်းဘူးပေါ့ဗျာ။ နောက်နောင် ဒါမျိုးတွေ မဖြစ်စေချင်ပါဘူး။” 

ဗိုလ်မှူးကြီးဗထူး ရာပြည့်ကော်မတီကို ၂၀၁၆ ခုက ဖွဲ့စည်းခဲ့တာဖြစ်ပြီး ဗိုလ်မှူးကြီးဗထူးနဲ့ ပတ်သက်တဲ့ အမှတ်တရတွေကို လိုက်လံစုဆောင်းနေတာ ဖြစ်ပါတယ်။ 

ဗိုလ်မှူးကြီးဗထူးနဲ့ ပတ်သက်တဲ့ အထိမ်းအမှတ်တွေကို မပျက်စီးစေချင်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ဒါ့အပြင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ အနေနဲ့ နောက်နောင် ရှမ်းပြည်နယ်အတွင်းရှိ ဗိုလ်မှူးကြီး ဗထူးနဲ့ သက်ဆိုင်တဲ့ အထိမ်းအမှတ် မှန်သမျှကို တစုံတရာ ပြုလုပ်လိုပါက တနင်္သာရီတိုင်း အစိုးရအဖွဲ့ကနေတဆင့် ဗိုလ်မှူးကြီးဗထူး ရာပြည့်ကော်မတီ (တနင်္သာရီတိုင်းဒေသကြီး) ဆီ ဆက်သွယ်ဆောင်ရွက်စေလိုကြောင်းလည်း ဖော်ပြပါတယ်။ 

က​လော​-တောင်​ကြီး ​လေးလမ်းသွား နိုင်​လွန်​ကတ္တရာ လမ်းခင်းရာမှာ လမ်းနဲ့ မလွတ်​တဲ့အတွက် ရပ်​မိရပ်​ဖတွေရဲ့ သ​ဘောတူညီမှုအရ အထိမ်းအမှတ် ကျောက်တိုင်ကို ဗထူးပန်းခြံထဲကို နေရာပြောင်းရွှေ့ဖို့ ဖြိုချခဲ့တာလို့ လမ်းဦးစီးဌာန မြို့ပြ ​တောင်​ကြီးခရိုင် လက်​​ထောက်​ညွှန်​ကြား​ရေးမှူး ဦးမျိုးလင်းက ပြောပါတယ်။


DVB

0 comments:

Post a Comment