Thursday, March 14, 2019

ဘေးအန္တရာယ် စိုးရိမ်မှုကြောင့် Boeing 737 MAX လေယာဉ်တွေကို ကမ္ဘာအနှံ့မှာ ပိတ်ပင်လာ


ဘေးအန္တရာယ် စိုးရိမ်မှုတွေနဲ့ ဖိအားတွေကြား Boeing 737 လေယာဉ်တွေကို ပိတ်ပင်လာကြရာမှာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကပါ ကနေဒါနဲ့ အခြားနိုင်ငံတွေနဲ့အတူ ပူးပေါင်းလာတာကြောင့် ဒီ လေယာဉ်ကြီးတွေကို တစ်ကမ္ဘာလုံးမှာ ပိတ်ပင်လို့ လာကြတာပဲ ဖြစ်ပါတယ်။ 
အီသီယိုးပီးယားလေကြောင်းလိုင်းက Boeing 737 MAX လေယာဉ်ဟာ မြို့တော် အဒစ်အာဘာဘာ အနားမှာ တနင်္ဂနွေနေ့က ပျက်ကျမှုဖြစ်ပြီး လူသေဆုံးမှု များပြားခဲ့တာနဲ့ ပတ်သက်ပြီး အီသီယိုးပီးယားနဲ့ အမေရိကန်အာဏာပိုင်တွေက ပျက်ကျရခြင်း အကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက် ရှိနေပါတယ်။ 

ဒီမတိုင်ခင် အင်ဒိုနီးရှားနိုင်ငံမှာလည်း အောက်တိုဘာလတုန်းက လူသေဆုံးမှုများပြားတဲ့ Boeing 737 MAX လေယာဉ် ပျက်ကျမှု ဖြစ်ထားတာကြောင့် ဒီ ဘိုးရင်းလေယာဉ်တွေရဲ့ ဘေးကင်းလုံခြုံမှုနဲ့ ပတ်သက်ပြီး ချက်ချင်း အဖြေပေးရန် တောင်းဆိုနေလျက် ရှိကြပါတယ်။ 

“Boeing 737 MAX 8 နဲ့ 737 MAX 9 လေယာဉ်တွေကို ရပ်နားထားဖို့ အရေးပေါ်တားမြစ်ချက် အမိန့် ထုတ်ပြန်တော့မှာ ဖြစ်ပါတယ်။”လို့ အိမ်ဖြူတော်မှာ သမ္မတ ထရမ့်က သတင်းထောက်တွေကို ပြောပါတယ်။ 

“အမေရိကန်ပြည်သူတွေနဲ့ အားလုံးသော ပြည်သူတွေရဲ့ လုံခြုံရေးဟာ ကျွန်တော်တို့ရဲ့ အဓိက စိုးရိမ်ပူပန်မှုပဲ ဖြစ်ပါတယ်။”လို့ ထရမ့်က ဆိုပါတယ်။ 

အီသီယိုးပီးယားက ပျက်ကျလေယာဉ်ကို စစ်ဆေးမှု အချက်အလက်တွေအရ ခုလို ဘိုးရင်းလေယာဉ်တွေကို ပျံသန်းခွင့် ပိတ်ဖို့ ဆုံးဖြတ်ရတာဖြစ်တယ်လို့ ဗဟိုလေကြောင်းစီမံခန့်ခွဲရေးဌာန FAA က ပြောပါတယ်။ 

အဆိုပါ လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို ဆက်လက်စုံစမ်းသွားမှာ ဖြစ်ကြောင်း FAA က ပြောသလို အီသီယိုးပီးယားနိုင်ငံကလည်း လေယာဉ်ရဲ့ ဘလက်ဘောက်စ်ကို စစ်ဆေးဖို့အတွက် ဥရောပဆီ ပေးပို့မှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။ 

အမေရိကန်ရဲ့ လေယာဉ်တွေကို အခုလို ပိတ်ပင်မှုနဲ့ ပတ်သက်ပြီး ထောက်ခံကြောင်း ဘိုးရင်းကုမ္ပဏီ အကြီးအကဲ ဒန်နစ်မူလန်ဘတ်ခ်ျက ပြောပေမယ့် လေယာဉ်တွေရဲ့ ဘေးအန္တရာယ်ကင်းမှုကို အပြည့်အဝယုံကြည်လာအောင် ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ 

တနင်္ဂနွေနေ့က အီသီယိုးပီးယားလေကြောင်းလိုင်းက ဘိုးရင်းလေယာဉ်ပျက်ကျမှုမှာ လူပေါင်း ၁၅၇ ဦး သေဆုံးခဲ့ရတာဖြစ်ပြီး လွန်ခဲ့တဲ့ ငါးလခန့်အကြာ အောက်တိုဘာလအတွင်းကလည်း အင်ဒိုနီးရှားနိုင်ငံမှာ အလားတူ ဘိုးရင်းလေယာဉ်ပျက်ကျလို့ လူပေါင်း ၁၈၉ ဦး သေဆုံးထားတာ ဖြစ်ပါတယ်။

Mizzima - News in Burmese

0 comments:

Post a Comment