မန္တလေးတိုင်းလွှတ်တော်ရေးရာ ကော်မတီများကို ဥပဒေကပေးအပ်ထားသည့်အတိုင်း လုပ်ကိုင်ခွင့်အပြည့်အဝပေးရန် လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြထားကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။
“ကျွန်မတို့ ရေးရာကော်မတီတွေက လုပ်ငန်းဆောင်တာတွေဆောင်ရွက်တဲ့အချိန်မှာ ခွင့်မပြုတာတွေရှိခဲ့တယ်။ အကြောင်းပြချက်တွေလည်းပါတယ်။ ပြောမယ်ဆိုရင်တော့ ကျွန်မတို့ရေးရာကော်မတီ ၁၄ ခုက လုပ်ပိုင်ခွင့် အပြည့်အဝမရခဲ့ဘူး” ဟု ပြည်သူ့ရေးရာနှင့် တိုင်ကြားစာများ စိစစ်ရေးကော်မတီဝင် ဒေါ်သဲစုဝေက ပြောကြားသည်။
လက်ရှိလွှတ်တော်ရေးရာကော်မတီများအနေနှင့် သက်တမ်း ၂ နှစ်ပြည့်ပြီဖြစ်သည့်အတွက် ယခုကျင်းပနေသည့် ဒုတိယအကြိမ်မြောက် ဒသမပုံမှန်အစည်းအဝေးတွင် သက်တမ်းတိုးဖွဲ့စည်းခဲ့ရာ၌ ကော်မတီဝင်အချို့ကို ပြောင်းလဲမှုရှိခဲ့သည်။
“ကော်မတီတွေအနေနဲ့ အစည်းအဝေးလုပ်ဆရာရှိတာလုပ်၊ ကွင်းဆင်းစရာရှိရင်ဆင်း။ ဒီလိုလုပ်နိုင်အောင် ဘတ်ဂျက်တောင်းပေးထားတယ်” ဟု မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက ပြောကြားသည်။
ယခင်သက်တမ်းအတွင်းက ကော်မတီများ၏လုပ်ကိုင်ခွင့်များတွင် ကန့်သတ်ချက်များရှိခဲ့ပြီး ဘဏ္ဍာငွေ အခက်အခဲများရှိခဲ့သည့်အတွက် ယင်းအခြေအနေများကို ဖြေရှင်းပေးရန်လည်း တောင်းဆိုထားကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောဆိုသည်။
ပြီးခဲ့သည့်သက်တမ်း ၂ နှစ်အတွင်း ရေးရာကော်မတီများက လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ရာ၌ လွှတ်တော်က ဘဏ္ဍာငွေခွဲဝေမှုနည်းပါးသည့်အတွက် အခက်အခဲများရှိခဲ့ကာ ယင်းဘဏ္ဍာငွေအခက်အခဲကြောင့်ပင် လုပ်ငန်းများဆောင်ရွက်ရာတွင် အဟန့်အတားဖြစ်နေပြီး ခွင့်ပြုမပေးခြင်းများရှိခဲ့ကြောင်း ၎င်းတို့က ပြောဆိုသည်။
“အခုကျွန်တော်တို့က လုပ်ကိုင်ခွင့်တွေအပြည့်ရဖို့ တောင်းဆိုထားသလို၊ ဘဏ္ဍာငွေရဖို့လည်း တောင်းဆိုထားတယ်။ ဥက္ကဋ္ဌကြီးက လုပ်ပေးမယ်လို့ ကတိပြုထားတယ်။ တစ်ခုပဲ ကျွန်တော်တို့ ကိုယ်စားလှယ်တွေ အလုပ်ပိုလုပ်ရမယ်။ ဒီသက်တမ်းမှာတော့ ရေးရာကော်မတီတွေအနေ့ အရင်ထက်ပိုကောင်းလာမှာပါ” ဟု လုံခြုံရေး၊ စီမံခန့်ခွဲရေးနှင့် စည်ပင်သာယာရေးကော်မတီဝင် ဦးမြင့်အောင်မိုးက ပြောကြားသည်။
“လွှတ်တော်နဲ့အစိုးရ လက်တွဲ ညီညီလုပ်သွားမယ်ဆိုရင် နောက်ဆုံးက တိုင်းပြည်ကောင်းဖို့ပါပဲ။ တရားဥပဒေစိုးမိုးရေးနဲ့လုံခြုံရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဖက်ဒရယ်ပြည် ထောင်စုဖြစ်ဖို့ဆိုတာက အောက်ခြေကနေ အခြေခံလုပ်ဖို့ ကော်မတီဖွဲ့တယ်ဆိုတာ တွဲလုပ်ဖို့ လိုအပ်တယ်ဆိုတဲ့အသိရှိဖို့လိုတယ်။ ကော်မတီတွေအနေနဲ့ ပုံမှန်အစည်းအဝေးတွေလုပ်၊ လိုအပ်တာတွေ ညှိနှိုင်းလုပ်ဖို့လိုတယ်။ လိုအပ်ရင်အစိုးရနဲ့ညှိနှိုင်းကြပေါ့” ဟု ရေးရာကော်မတီများ အသစ်ပြန်လည်ဖွဲ့စည်းခြင်းအပေါ် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့် မောင်ကမှတ်ချက်ပြုသည်။
မန္တလေးတိုင်းလွှတ်တော်အနေနှင့် ၂၀၁၃ ခုနှစ် တိုင်း သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၃ နှင့် ပုဒ်မ ၂၅ တို့အရ ဖွဲ့စည်းပေးထားသည့် လွှတ်တော်ရေးရာကော်မတီ ၁၄ ခုရှိပြီး ယင်းကော်မတီများ၏ သက်တမ်းမှာ ၂ နှစ်ဖြစ်သည်။
The Voice
0 comments:
Post a Comment