Monday, May 28, 2018

"စီမံ/ဘဏ္ဍာဝန်ကြီးသစ်ဟာ အစိုးရအဖွဲ့ထဲ အသက်အကြီးဆုံးဝန်ကြီးဖြစ်လာမယ်"


ရာထူးကအနားယူသွားတဲ့ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီးနေရာကို တာဝန်ယူဖို့ ဒီကနေ့ လွှတ်တော်မှာ သမ္မတကနေ အမည်စာရင်းတင်သွင်းလိုက်တဲ့ ဦးစိုးဝင်းဟာ အစိုးရအဖွဲ့ထဲမှာ အသက်အကြီးဆုံး ပုဂ္ဂိုလ်ဖြစ်လာမှာပါ။
အသက် ၈၀ အရွယ်ရှိပြီဖြစ်တဲ့ ဦးစိုးဝင်းဟာ ဒီချုပ်စီးပွားရေးကော်မတီအဖွဲ့ဝင်ဖြစ်ပြီးတော့ ဘဏ်လုပ်ငန်းနဲ့ပတ်သက်လို့ ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး နိုင်ငံတကာနဲ့ပြည်တွင်းအကြံပေးပညာရှင်အဖြစ် လုပ်ငန်းအတွေ့အကြုံ ၄၆ နှစ်ရှိသူဖြစ်ပါတယ်။

မြန်မာ့စီးပွားရေးဘဏ်မှာ ဒုတိယမန်နေဂျာအဖြစ် ၁၉၆၁ ခုနှစ်မှာ စတင်လုပ်ကိုင်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ နိုင်ငံတကာအကြံပေးကုမ္ပဏီ Deloitte Touche ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အစုစပ်ပိုင်ရှင်အဖြစ်တာဝန်ယူခဲ့ပါတယ်။ ဒါကြောင့်လည်း ဦးစိုးဝင်းကို Deloitte ဦးစိုးဝင်းရယ်လို့ လူသိများတာဖြစ်ပါတယ်။

ဦးစိုးဝင်းဟာ မြန်မာနိုင်ငံတကာကုန်သွယ်မှုဘဏ်(MFTB) မှာ နှစ်ပေါင်း ၃၀ ကျော်လုပ်ကိုင်ခဲ့ပြီးတော့ နိုင်ငံတကာဘဏ်လုပ်ငန်းအတွေ့အကြုံရှိခဲ့ပြီး စာရင်းစစ်၊ အခွန်နဲ့ ဥပဒေရေးရာအကြံပေးအဖြစ် ၁၆ နှစ်ကြာ လုပ်ကိုင်ခဲ့သူပါ။

National Westminster Bank နဲ့ The Bank of Englandတို့မှာ ဘဏ်လုပ်ငန်းကိုလေ့လာသင်ယူခဲ့တဲ့ ဦးစိုးဝင်းဟာ ဦးကျော်ဝင်းနှုတ်ထွက်တဲ့သတင်းမထွက်လာခင်အစောပိုင်းက ဗဟိုဘဏ် ဥက္ကဌနေရာ လျာထားခြင်းခံရသူလို့ သတင်းထွက်နေသူဖြစ်ပါတယ်။

ဦးစိုးဝင်းဟာ မော်လမြိုင်ဇာတိဖြစ်ပြီး သားလေးဦးထွန်းကားပြီး သားတွေကလည်း ဆရာဝန်တစ်ဦး၊ Deloitte မှာပဲ ဖခင်နဲ့အတူအလုပ်လုပ်နေသူတစ်ဦးနဲ့ ကျန်နှစ်ဦးကတော့ Ship Superintendent အဖြစ် အလုပ်အကိုင်လုပ်ကိုင်သူတွေဖြစ်ပါတယ်။

စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီးဌာန ဝန်ကြီးဦးကျော်ဝင်းဟာ မေလ ၂၅ ရက်က တာဝန်ကနေ တရားဝင်အနားယူသွားခဲ့တာဖြစ်ပါတယ်။

7Day News Journal

0 comments:

Post a Comment