Monday, May 28, 2018

ယခု ပညာသင်နှစ်တွင် လိုက်ထရပ်ယာဉ်များကို ကျောင်းကြို/ပို့ ယာဉ်အဖြစ် လုံးဝပြေးဆွဲခွင့် မပြုတော့ဟု ဆို


၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှစ၍ လိုက်ထရပ်ယာဉ်များကို ကျောင်းကြို/ပို့ ယာဉ်အဖြစ် လုံးဝပြေးဆွဲ ခွင့်ပြုတော့မည်မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ သိရသည်။

ယခု ပညာသင်နှစ်မှစ၍ School Bus စနစ်ကို စတင်ကျင့်သုံးသွားမည်ဖြစ်ပြီး ယင်းအတွက်ကြောင့် လိုက်ထရပ်ယာဉ်များကို လုံးဝပြေးဆွဲခွင့်ပြုမည် မဟုတ်သလို School Bus များကို အစိုးရစာသင်ကျောင်း ၁၈ ကျောင်းတွင် စတင်ပြေးဆွဲသွားမည်ဖြစ်ပြီး ယင်းတွင် မြို့တွင်း ခြောက်မြို့နယ်ရှိ ကျောင်းများ အပါအဝင် မင်္ဂလာဒုံမြို့နယ်ရှိ အောင်ဆန်းသူရိယ လှသောင်းကျောင်း လည်း ပါဝင်ကြောင်း သိရသည်။ “ လိုက်ထရပ်ယာဉ်တွေကို လုံးဝခွင့်ပြုတော့မှာ မဟုတ်ဘူး။ ဒါတွေကလည်း ကျောင်းဖွင့်တဲ့အချိန်မှာ စောင့်ကြည့်ရမှာပေါ့။ တကယ်လို့ လိုက်ထရပ်ယာဉ်တွေနဲ့ ပြေးဆွဲနေတာကို တွေ့လို့ရှိရင် အရေးယူသွားမယ်။ ဘယ်လိုအရေးယူ ဆောင်ရွက်မလဲဆိုတာကိုတော့ တိုင်ပင်နေတုန်းပါ ” ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

ယခင်က ကျောင်းကားစနစ်ကို အများပိုင်စနစ်ဖြင့် ပြေးဆွဲသွားရန် စီစဉ်ထားသော်လည်း လုပ်ကိုင်ခွင့်ရရှိသည့် Golden Hand ကုမ္ပဏီမှာ နုတ်ထွက်သွားသည့်အတွက် အာဏာပိုင်အဖွဲ့ ကိုယ်တိုင် ကြီးကြပ်ကွပ်ကဲ သွားမည်ဖြစ်ကြောင်း၊ ယင်းအပြင် ကျောင်းကား ပြေးဆွဲရန်အတွက် ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးမှ ကိုရီးယားနိုင်ငံထုတ် အစီးရေ ၂၀၀ ကို ဝယ်ယူထားကြောင်း သိရသည်။

စုသက်နှင်း(အကုန်သိသတင်းဌာန)

0 comments:

Post a Comment