Sunday, May 27, 2018

မဟနနှင့် မဘသကို ရန်တိုက်ပေးသကဲ့သို့ဖြစ်နေပြီး အများပြောတိုင်းလုပ်နေလျှင် သံဃာအချင်းချင်း ဒုက္ခရောက်ပါကြောင်းနှင့် စည်းလုံးညီညွတ်ကြရန် အရေးကြီးကြောင်း ဇွဲကပင်ဆရာတော်မိန့်ကြား


မြန်မာနိုင်ငံတွင် မ.ဟ.န နှင့် မ.ဘ.သ ကို ရန်တိုက်ပေးသကဲ့သို့ဖြစ်နေပြီး သူများပြောတိုင်းလုပ်နေလျှင် သံဃာအချင်းချင်း ဒုက္ခရောက်ပါကြောင်းနှင့် စည်းလုံးညီညွတ်ကြရန် အရေးကြီးကြောင်း အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဇွဲကပင်ဆရာတော်ဘဒ္ဒန္တက၀ိဓဇက မေ ၂၇ ရက် နံနက် ၈ နာရီတွင် အင်းစိန်မြို့နယ် အောင်ဆန်းတောရတပ်ဦးကျောင်းတွင် ပြုလုပ်သည့် ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း (ဗဟို)နှစ်ပတ်လည် စုံညီတွေ့ဆုံသြ၀ါဒခံယူပွဲ ဒုတိယနေ့တွင် သြ၀ါဒမြွက်ကြားရာ၌ ထည့်သွင်းမိန့်ကြားခဲ့သည်။

အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဇွဲကပင်ဆရာတော် ဘဒ္ဒန္တက၀ိဓဇက သြ၀ါဒမြွက်ကြားရာတွင် “အမျိုးဘာသာသာသနာနဲ့ ပတ်သက်ရင် သံဃာမှန်ရင် အားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြစ်ဖို့ အရေးကြီးပါတယ်။ တိုင်းပြည်ကြီး ကမောက်ကမ မဖြစ်အောင် နိုင်ငံတော် အစိုးရကလည်း လိမ္မာပါးနပ်စွာနဲ့ တိုင်းပြည်ကို အုပ်ချုပ်ကြရမှာ။ တပည့်တော်တို့ မြန်မာနိုင်ငံမှာ မဟနနဲ့ မဘသနဲ့ ရန်တိုက်ပေးသလို ဖြစ်နေတယ်။ အဲဒါတွေကိုလည်း တပည့်တော်တို့ သံဃာတွေက နားလည်ဖို့ အင်မတန် လိုအပ်ပါတယ်။ သူများပြောတိုင်း လိုက်လုပ်နေရင် ကိုယ့်သံဃာအချင်းချင်း ဒုက္ခရောက်ပါတယ်။ အဲဒီတော့ အားလုံးသံဃာတွေက ဘုရားသားတော်တွေကြီးဆိုတော့ ဘယ်သူက ဘာပဲပြောပြော ကိုယ့်အမျိုး ကိုယ့်ဘာသာ ကိုယ့်သာသနာအတွက်က ပိုပြီးတော့ အရေးကြီးပါတယ်။ မဟနရယ် မဘသရယ် မခွဲခြားကြဘဲနဲ့ ညီလိုအစ်ကိုလို သဘောထားပြီးတော့ သာသနာပြုကြဖို့ အထူးပဲအသိပေးပါတယ်။ သတိပေးပါတယ်။ အမျိုးဘာသာသာသနာနဲ့ ပတ်သက်လာရင် မဟနတွေရော မဘသတွေရော ရာထူးကို ပဓာနမထားဘဲ ကိုယ့်အမျိုး ကိုယ့်ဘာသာ ကိုယ့်သာသနာကို ကာကွယ်ကြဖို့ စောင့်ရှောက်ကြပါလို့ အထူးပဲ မှာကြားပါတယ်” ဟု မိန့်ကြားသည်။

ဆက်လက်ပြီး “မနှစ်က တပည့်တော်တို့ သြ၀ါဒခံယူပူဇော်ပွဲမှာ မဟနဆရာတော်ဘုရားများ တပည့်တော်တို့ မဘသကို အပြတ်ချေမှုန်းမယ်ဆိုတဲ့ အမိန့်စာတွေ ထွက်လာတော့ တပည့်တော်တို့လုပ်နေတဲ့ အလုပ်တွေက တိုင်းပြည်နဲ့ လူမျိုးအတွက် လုပ်နေတယ်ဆိုတော့ ဒီကလည်း မခံသာတော့ ပြန်ပြီးတော့ ၀ဇီကံနဲ့ ပြန်ပြီးတော့ ပြောမိဆိုမိပါတယ်။ အဲဒီ ပြောမိဆိုမိတာတွေကို မဟန ဆရာတော်ဘုရားကြီးတွေကို အနူးအညွတ် တောင်းပန်ဝန်ချကန်တော့ပါတယ်။ ဒါကတော့ လောကမှာဖြစ်တတ်တဲ့ သဘောတရားတွေမို့ တပည့်တော်တို့ဘက်ကလည်း သည်းခံပါတယ်။ ခွင့်လွှတ်ပါတယ်။ ဆရာတော်ဘုရားများဘက်ကလည်းပဲ သည်းခံခွင့်လွှတ်ကြဖို့ တပည့်တော် အထူးပဲ တောင်းပန်ပါတယ်” ဟု မိန့်ကြားခဲ့သည်။

အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) အား ဖျက်သိမ်းပြီး ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်းအမည်ဖြင့် ဆက်လက်ရပ်တည်မည်ဖြစ်ကြောင်း အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ (ဗဟို) က ထုတ်ပြန်ခဲ့သော်လည်း ဇွဲကပင်ဆရာတော်မှာ အမည်မပြောင်းလဲဘဲ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) ဟူ၍ပင် ထားရှိခဲ့ကြောင်း သိရသည်။

အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့(မဘသ)အား ဖျက်သိမ်းပြီး ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်းအမည်ဖြင့် ဆက်လက် ရပ်တည်မည်ဖြစ်ကြောင်း အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့(ဗဟို) က ၂၀၁၇ ခုနှစ် မေ ၂၈ ရက်တွင် သဘောထုတ်ပြန် ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ထုတ်ပြန်ချက်တွင် ‘အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့သည် နိုင်ငံတော် သံဃမဟာနာယက ဆရာတော်များအား အလေးဂရုပြုသောအားဖြင့် “မဘသ” အမည်ကို မသုံးစွဲဘဲ “ဗုဒ္ဓ ဓမ္မပရဟိတဖောင်ဒေးရှင်း” အမည်ဖြင့်သာ ဆက်လက်ရပ်တည်သွားမည်။ ပြည်နယ်နှင့် တိုင်းဒေသကြီး၊ မြို့နယ်၊ တိုက်နယ်အသီးသီးရှိ မဘသအဖွဲ့များအနေဖြင့် “ဗုဒ္ဓဓမ္မပရဟိ တဖောင်ဒေးရှင်း” အမည်ဖြင့် တိုင်းပြည်နှင့် လူမျိုးဘာသာသာသနာ အကျိုးပြုလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားကြရန် တိုက်တွန်းသည်။ ၂၃.၅.၂၀၁၇ ရက်စွဲပါ မဟန ကြေညာချက်နှင့်ပတ်သက်၍ ရဟန်းရှင်လူပြည်သူများသည် မည်သို့မျှ သဘောမထားဘဲ သူတော်ကောင်းပီသစွာ ခန္တီမေတ္တာ လက်ကိုင်ထားလျက် မိမိတို့ချစ်မြတ်နိုးသော အမျိုးဘာသာသာသနာကို ဓမ္ဓ၀ိနယနှင့်အညီ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ကြရန် အလေးအနက် တိုက်တွန်းလိုက်သည်’ ဟု ပါရှိပြီး အဆိုပါထုတ်ပြန်ချက်ကို အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (ဗဟို) ဥက္ကဋ္ဌ၊ နိုင်ငံတော်သြ၀ါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ အင်းစိန်မြို့၊ ရွာမပရိယတ္တိစာသင်တိုက် ပဓာန မဟာနာယက ဆရာတော်ဘဒ္ဒန္တတိလောကာ ဘိဝံသက လက်မှတ်ရေးထိုး၍ သဘောထား ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အောင်ထက်ခိုင်
Eleven Media Group

0 comments:

Post a Comment