Monday, May 28, 2018

အစိုးရက မစ္ဆရိယစိတ်များနေသောကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများ ကျဆုံးရခြင်းဖြစ်ကြောင်း ဇေကမ္ဘာ ဦးခင်ရွှေပြော


တိုင်းပြည်အုပ်ချုပ်သည့် အစိုးရသည် မစ္ဆရိယစိတ်မထားဘဲ မုဒိတာစိတ်ထားရန်လိုအပ်ကြောင်း ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ် နာယက ဇေကမ္ဘာ ဦးခင်ရွှေက ပြောကြားလိုက်သည်။

ရန်ကုန်မြို့၊ သုဝဏ္ဏလမ်းဆုံရှိ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်ရုံးတွင် မေလ ၂၇ ရက် နံနက်ပိုင်းက ကျင်းပသည့် ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌနှင့် ဗဟိုကော်မတီဝင်များ အသစ်ပြန်လည်ရွေးချယ်ပွဲ အခမ်းအနားတွင် ယင်းကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။ “ ကျွန်တော် အမြဲတမ်းပြောပါတယ်။ အစိုးရဆိုတာ မစ္ဆရိယစိတ် မများရဘူး။ ဆောက်လုပ်ရေးလုပ်ငန်းတွေ ကျဆုံးတယ်ဆိုတာ မစ္ဆရိယစိတ်တွေ များနေလို့ ဖြစ်နေတာ။ အစိုးရဆိုတာ ဘယ်သူလုပ်လုပ်ရတယ်။ လမ်းဘေးကလူလည်း လုပ်လို့ရတယ်။ မစ္ဆရိယစိတ်တော့ ထားလို့မရဘူး။ မုဒိတာစိတ်ကို မွေးပေးနိုင်ရမယ်။ ဒီတော့ ကျွန်တော်တို့ လုပ်ငန်းရှင်တွေဘက်က အားလုံးဝိုင်းပြီးတော့ မုဒိတာစိတ်ပွားအောင် လုပ်ကြပါ။ ဘယ်လိုလုပ်ကြမလဲ။ အခု ပြဋ္ဌာန်းမယ့် ကွန်ဒိုဥပဒေမှာ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေကို ထိခိုက်စေနိုင်မယ့် အချက်တွေကို လုပ်ငန်းရှင်တွေက ဝိုင်းပြီးတိုက်ကြပါလို့ ပြောချင်ပါတယ် ” ဟု ဇေကမ္ဘာဦးခင်ရွှေက ပြောသည်။

ဇေကမ္ဘာ ဦးခင်ရွှေသည် ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီး လွှတ်တော်အမတ်ဖြစ်ခဲ့စဉ်က လွှတ်တော်ထဲတွင် ၁၉၈၇ ကွန်ဒိုဥပဒေကို ပြင်ဆင်နိုင်ရေးအတွက် ၃ ကြိမ်တိုင်တိုင် ကြိုးစားခဲ့သော်လည်း လွှတ်တော်အမတ်များက ဝိုင်းပြီးကန့်ကွက်ခဲ့သဖြင့် အောင်မြင်မှု မရှိခဲ့ကြောင်း၊ လက်ရှိတွင် ပြဋ္ဌာန်းမည့် ကွန်ဒိုဥပဒေသစ်တွင် နိုင်ငံခြားသားများ ကွန်ဒိုတိုက်ခန်း ဝယ်ယူပါက ၄၀ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ခွင့်ကို ပါဝင်လာစေရေးအတွက် နောင်လာမည့် ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌသစ်နှင့် ဗဟိုကော်မတီဝင်အသစ်များကို ကြိုးစားစေလိုကြောင်း ဆက်လက်ပြောကြားခဲ့သည်။ 

အောင်သူရိန်(အကုန်သိသတင်းဌာန)




0 comments:

Post a Comment