Monday, May 28, 2018

အာမခံနှင့်ဘဏ်လုပ်ငန်းတွင် ကန့်သတ်ချက်များဖြေလျော့လိုက်ပါက ပုဂ္ဂလိကရင်းနှီးမြှပ်နှံမှု တိုးတက်လာမည်


မြန်မာနိုင်ငံအနေဖြင့် အာမခံနှင့် ဘဏ်လုပ်ငန်းတွင် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများ ပြုလုပ်ရန် ကန့်သတ်ချက်များကို ဖြေလျော့လိုက်ပါက ပုဂ္ဂလိကရင်းနှီးမြှပ်နှံမှု အရှိန်အဟုန်တိုးတက်လာမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်ချက်မှ သိရသည်။

နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများပိုမိုဝင်ရောက်လာနိုင်ရန်အတွက် တင်းကျပ်သည့် စည်းမျဉ်းများကိုဖြေလျော့ပေးခြင်း၊ ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီအက်ဥပဒေများကိုအကောင်အထည်ဖော်ဆောင်ရွက်ခြင်းမှ အစပြု၍ အခြားကဏ္ဍ များကိုလည်း လွတ်လပ်စွာဆောင်ရွက်နိုင်ရန် ပိုမိုလမ်းဖွင့်ပေးရန် လိုအပ်ကြောင်းသိရသည်။ “ မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာကဏ္ဍစုံအရဆိုရင် တိုးတက်တယ်လို့ ခန့်မှန်းပါတယ်။ ဘာကြောင့်လဲဆိုတော့ GDP အရတွက်မယ်ဆိုရင် ပြီးခဲ့တဲ့ ၂၀၁၆- ၁၇ တုန်းက ၅ ဒဿမ ၉ ရာခိုင်နှုန်းကနေအခုဆိုရင် ၆ ဒဿမ ၄ ရာခိုင်နှုန်းအထိတိုးမြင့်လာတာကိုတွေ့ရပါတယ်။ ဒါပေမယ့်နိုင်ငံပိုပြီးတိုးတက်ဖို့ဆိုရင် အားနည်းချက်လေးတွေ ရှိပါတယ်။ ဒါတွေကို ပြင်ဆင်နိုင်မယ်ဆိုရင် ရင်းနှီးမြှုပ်နှံမှုတွေပိုမို ၀င်ရောက်ပြီး နိုင်ငံပိုမိုတိုးတက်လာမယ်လို့ မျှော်လင့်ပါတယ်” ဟု စီးပွားရေးပညာရှင် ဦးမြင့်က ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံခြားရင်းနှီးမြှပ်နှံမှု အဝင်နည်းရခြင်းမှာ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများပြုလုပ်ရန် ကန့်သတ်ချက်အများဆုံးရှိသည့် နိုင်ငံများတွင် တစ်နိုင်ငံအပါအဝင်ဖြစ်ကြောင်း၊ ယင်းကဏ္ဍများကိုလွတ်လပ်ခွင့် ပြုလိုက်ပါကပုဂ္ဂလိကရင်းနှီးမြှပ်နှံမှုများမှာတရှိန်ထိုးတိုးတက်လာမည်ဖြစ်ကြောင်းသိရသည်။ ပို့ကုန်မြင့်တက်လာမှုကြောင့် ကုန်သွယ်မှုလိုငွေလျော့ကျလာခဲ့ပြီး နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှပ်နှံမှု ခွင့်ပြုချက်ပေးနှုန်းမှာယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် လျော့ကျလာသော်လည်း FDI ရင်းနှီးမြှပ်နှံမှုမှာ တိုးတက်လာကြောင်း သိရသည်။

ပြည်တွင်း၌စီးပွားရေးပြုပြင်ပြောင်းလဲမှုအရှိန်အဟုန်နှင့် ပတ်သက်၍ စိုးရိမ်မှုများရှိနေသော်လည်း မကြာသေးမီက ဖြစ်ပေါ်ခဲ့သည့် ဖွံ့ဖြိုးတိုးတက်မှုများကြောင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှပ်နှံမှုများပြုလုပ်ရန် ပိုမိုစိတ်ဝင်စားလာကြကြောင်း၊ ယင်းအပြင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်းအတည်ပြုခဲ့သည့် ကုမ္ပဏီများ ဥပဒေအသစ်သည် ၂၀၁၈ ခုနှစ် သြဂုတ်လတွင် စတင်အသက်ဝင်မည်ဖြစ်ပြီးယင်းအတွက်ကြောင့် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုကိုလည်းကန်ဒေါ်လာသန်း ၆၀၀၀ ကျော်ဝင်လာနိုင်ရန် မှန်းထားကြောင်းသိရသည်။

၂၀၁၇-၁၈ ဘဏ္ဍာနှစ် နိုဝင်ဘာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂၃၄ သန်းကျော် ၀င်ရောက်ခဲ့ကြောင်း သိရသည်။

စုသက်နှင်း (အကုန်သိသတင်းဌာန)

0 comments:

Post a Comment