Sunday, July 15, 2018

အငြင်းပွားမှုဖြစ်ပွားနေသော နိုင်ငံအမည်တွင် " ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် "ဟု အတည်ပြုနိုင်


ဇူလိုင်လ ၁၅ရက်တွင်ပြုလုပ်သော ၂၁-ရာစုပင်လုံ တတိယအကြိမ်၏ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အစည်းအဝေး၌ အငြင်းပွားမှုဖြစ်ပွားနေသော နိုင်ငံအမည်ကိစ္စအား ပြည်ထောင်
စုသမ္မတမြန်မာနိုင်ငံတော်ဟု အတည်ပြုနိုင်ခဲ့ကြောင်း UPDJC မှ ဒုဥက္ကဋ္ဌတစ်ဦးဖြစ်သည့် ဒေါက်တာဆလိုင်းလျန်မှုန်းကပြောကြားသည်။

UPDJC၏ဥက္ကဋ္ဌသည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်ပြီး၊အစိုးရ၊လွှတ်တော် တပ်မတော်အစုအဖွဲ့၊ NCAတွင်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်များအစုအဖွဲ့နှင့်နိုင်ငံရေးပါတီများအစုအဖွဲ့တို့မှ ကိုယ်စားလှယ်များဖြင့်ဖွဲ့စည်းထားကာ ဆုံးဖြတ်ချက်ပေးနိုင်သော အမြင့်ဆုံးအဖွဲ့အစည်းလည်းဖြစ်သည်။

၁၇ ကြိမ်မြောက် UPDJC အစည်းအဝေးအပြီးသတင်းစာရှင်းလင်းပွဲ၌ နိုင်ငံ၏အမည်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဟု အတည်ပြုနိုင်ကြောင်းဒေါက်တာဆလိုင်းလျန်မှုန်းက သတင်းမီဒီယာများကိုပြောကြားခဲ့ခြင်းဖြစ်သည်။

`တပ်မတော်ဘက်ကတင်ပြတဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စု၏လို့ ကျွန်တော်တို့သုံးခဲ့တယ်။ အဲဒီမှာ နာမ၀ိသေသနလိုအပ်တာပေါ့။ Subject လိုတယ်။ အဲဒါလိုအပ်တယ်ဆိုတဲ့အတွက်ကြောင့် အဲဒီမှာ ပြည်ထောင်စုမြန်မာနိုင်ငံတော်ဆိုတဲ့ဟာကိုထည့်ဖို့ဆိုပြီး အဆိုပြုတာဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ညှိနှိုင်းပြီးတော့ EAO ဘက်က NCAစာချုပ်မှာပါတဲ့ အတိုင်းပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်လို့ ထည့်ပေးလိုက်ပါတယ်။ အဲလိုနဲ့အဆင်ပြေသွားပါတယ်` ဟု ဒေါက်တာဆလိုင်းလျန်မှုန်းက ပြောသည်။

ညီလာခံသို့တင်သွင်းထားသည့် အချက်ပေါင်း ၁၄ချက်စလုံးကိုလည်း UPDJC အစည်းအဝေးတွင် သဘောတူညီမှုရရှိခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေးက ပြောကြားသည်။

`နိုင်ငံရေးက ၄ချက်၊ စီးပွားရေးက ၁ချက်၊ လူမှုရေးက ၇ချက်၊ မြေယာနဲ့သဘာဝပတ်ဝန်းကျင် ၂ချက်၊ အတိုကောက်ဆိုရင် နိုင်၎၊ စီး၁၊ လူ၇၊ မြေ၁ လို့မှတ်ထားလို့ရပါတယ်။ ညီလာခံကို တင်သွင်းခဲ့တဲ့ ၁၄ချက်မှာ အခုနောက်ဆုံး ကျွန်တော်တို့အစုအဖွဲ့အလိုက်တွေ ဆွေးနွေးတယ်။ ကဏ္ဍအလိုက်တွေဆွေးနွေးတယ်။ပြီးရင်အစုအဖွဲ့အလိုက်ပြန်ဆွေးနွေးပြီးတော့ UPDJC မှနောက်ဆုံးပြန်ပြီးတော့ အတည်ပြုပါတယ်။ အတည်ပြုတော့ညီလာခံ ကိုတင်သွင်းခဲ့တဲ့ ၁၄ချက်အတိုင်းပဲ ကျွန်တော်တို့ ရရှိပါတယ်` ဟု ဦးဇော်ဌေးကပြောကြားသည်။

ရရှိထားသည့် သဘာတူညီချက်ပေါင်း ၁၄ချက်အား မနက်ဖြန် ညီလာခံပိတ်ပွဲအခမ်းအနားတွင် ဖတ်ကြားမည်ဖြစ်သည်။

အောင်ရဲနောင်
The Ladies News

0 comments:

Post a Comment