Sunday, July 15, 2018

ဖားကန့်မြေပြိုမှု သေဆုံးသူ ၁၇ ဦးအထိရှိလာပြီး အလောင်းများ ရှာဖွေရေး မြေပြိုအန္တရာယ်ကြောင့် ရပ်ဆိုင်း


ဖားကန့်မြေပြိုမှု သေဆုံးသူ ထပ်တိုးကာ အလောင်းများ ရှာဖွေရေးမှာ မြေပြိုအန္တရာယ်ကြောင့် ရပ်ဆိုင်းထားကြောင်း ဒေသခံ လူမှုကူညီရေး အဖွဲ့များက ဆိုသည်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု ဆန်ခါကျေးရွာအနီး မဟာကျောက်မျက်တူးဖော်ရေး လုပ်ကွက်တွင် မြေပြိုမှုဖြစ်ပွားကာ လူပေါင်းဆယ်ချီ သေဆုံးခဲ့ပြီး လူပေါင်း ၄၀ ကျော် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ဇူလိုင် ၁၅ ရက် နေ့လယ်ပိုင်း စာရင်းအရ သေဆုံးသူ ၁၇ ဦးအထိရှိနေပြီး ရှာဖွေရေး လုပ်ငန်းများမှာ မြေထပ်ပြိုမည့် အန္တရာယ်ကြောင့် ရပ်ဆိုင်းထားပြီ ဖြစ်သည်။ 

ဖားကန့်ဒေသခံ NLD ပါတီမှ မြို့နယ်အတွင်းရေးမှူး ဦးသောင်းဇံက “ကယ်ဆယ်ရေးတွေက မနေ့ညနေတည်းက ရပ်လိုက်ရပြီ။ မရပ်လို့လည်း မရဘူး။ အပေါ်မှာ ပေထောင်ချီပြီး အက်ကြောင်းတွေ ပြနေတယ်။ ထပ်လည်းပြိုနေတယ်။ မနေ့က ဆယ်ယူရတာက သေဆုံးသူ ၁၅ ဦးပါ။ ဒဏ်ရာရ ၄၆ ဦးပါ။ ဖားကန့်ဆေးရုံကနေ မြစ်ကြီးနား ဆေးရုံကို ၁၄ ဦးပို့တာ လမ်းမှာ နှစ်ဦးထပ်ဆုံးတယ်။ သေဆုံးတာက ၁၇ ဦးရှိသွားပြီ။ သက်ဆိုင်ရာ အုပ်ချုပ်ရေးရုံးမှာ လူပျောက်တွေ စာရင်းပို့တာ ၂၀ ၀န်းကျင် ရှိနေတယ်” ဟု ပြောကြားသည်။

ကချင်ပြည်နယ် အစိုးရအဖွဲ့ အနေဖြင့် မြေပြိုမှုနှင့် ပတ်သက်ပြီး ဆွေးနွေးနေကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ဆိုသည်။ ၎င်းက “ကြားတာ ၁၅ ဦး သေဆုံးတယ်။ ဒဏ်ရာရတာ ၃၀ ကျော်ရှိတယ်။ တချို့လူနာတွေက မြစ်ကြီးလွှဲတယ်။ မနေ့က လေယာဉ်ကွင်းမှာ ခရီးက ပြန်လာတော့ လူမှုရေးဝန်ကြီးကို ဒီကိစ္စကိုပြောတယ်။ ဒီနေ့လည်း ထပ်ဆွေးနွေးရမယ်။ ဒီကိစ္စကို ရေရှည်ကိုင်တွယ်ဖို့လွန်ခဲ့တဲ့ တစ်နှစ်လောက် ကတည်းက ကြိုးစားခဲ့တယ်။ ငြိမ်းချမ်းရေး မရသေးတော့ ခက်တယ်။ အဖွဲ့စုံက ရှိနေတာ။ ဥပဒေစိုးမိုးမှုက တစ်ပြေးညီ မရှိဘူး။ လူတွေကလည်း သိန်းချီပြီး ၀င်လာတော့ တားမရဘူး။ မူးယစ်ဆေးဝါးရော ပြဿနာပေါင်းစုံ ဖြစ်နေတယ်” ဟု ပြောကြားသည်။

ပြီးခဲ့တဲ့ ဇွန် ၂၂ ရက်ကလည်း ဖားကန့်ဒေသတွင် မိုးကြီးမြေပြိုမှု ဖြစ်ပွားရာ လူ ၁၈ ဦးပျောက်ဆုံးပြီး ၁၄ ဦး၏ အလောင်းများ ရရှိခဲ့သည်။ အိမ်ခြေ ၁၀၀ ပျက်စီးခဲ့ပြီး ၆၉ အိမ်ထိခိုက်ကာ လူပေါင်း ၈၀၀ ကျော် ဒုက္ခရောက်ခဲ့သည်။ ၂၀၁၈ ခုနှစ်အတွင်း ဖားကန့်ဒေသတွင် မြေပြိုမှု ၁၂ ကြိမ်ဖြစ်ပွားရာတွင် လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ကြောင်း လူမှုအဖွဲ့အစည်း မှတ်တမ်းများနှင့် ရဲဌာန မှတ်တမ်းများအရ သိရသည်။ ယင်းစာရင်းတွင် လူတစ်ဦးစ၊ နှစ်ဦးစ သေဆုံးမှုများ မပါဝင်ကြောင်း သိရသည်။

ဖားကန့်ဒေသတွင် ရွှေ့ပြောင်းလုပ်သား နှစ်သိန်းကျော်ရှိပြီး မကြာခဏ မြေပြိုမှုများကြောင်း တစ်နှစ်လျှင် ၃၀၀ ကျော် သေဆုံးမှုများ ဖြစ်ပေါ်နေသည်ဟု နာရေးကူညီသူများနှင့် ရဲစခန်းမှတ်တမ်းများအရ သိရသည်။

ဖားကန့်ဒေသတွင် မြေပြိုမှုကို လစဉ်တိုင်း နေရာအနှံ့ဖြစ်နေပြီး အထူးသဖြင့် မိုးဦးရာသီ၌ မိုင်းဒဏ်၊ သဘာဝဒဏ်များကြောင့် အက်ကြောင်းများ မိုးရေ၀င်ကာ လျှောပြိုခြင်း၊ အမြင့်ပိုင်းမှ ရေကန်များ လျှောဆင်းကာ ပြိုကျခြင်း၊ မြေစာပုံများ မြေလျှောခြင်းများ မကြာခဏ ဖြစ်ပွားနေကြောင်း သိရသည်။ ဖားကန့်မြို့နယ်တွင် ဖားကန့်မြို့နှင့် လုံးခင်းကျေးရွာအုပ်စုမှ ဆိပ်မူကျေးရွာအုပ်စုအထိ (အလျားမိုင် ၂၀ ကျော်) ကျောက်စိမ်း လုပ်ကွက်များအနီးရှိ ကျေးရွာပေါင်း ၂၀ ကျော်မှာ မြေပြိုမည့်အန္တရာယ် ရှိနေကြောင်း သိရသည်။

ဖားကန့်ဒေသတွင် လက်ရှိတွင် ခန့်မှန်းချက်အရ ရေမဆေးကျောက်ရှာဖွေသူ နှစ်သိန်းအထက်ရှိနေပြီး ၎င်းတို့နှင့် ဆက်နွယ်သည့် ပြဿနာများလည်း ဖြေရှင်းရန် ခက်ခဲသည့် အခြေအနေ ဖြစ်နေကြောင်း သိရသည်။



ထွန်းလင်းအောင် (မြစ်ကြီးနား)
Eleven Media Group



0 comments:

Post a Comment