Friday, July 13, 2018

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) NCA တွင် လက်မှတ်ရေးထိုး ပါဝင်လာနိုင်ရေး အတတ်နိုင်ဆုံး ဆောင်ရွက်နေ သည်ဟု အစိုးရငြိမ်းချမ်းရေးကော်မရှင်ပြော


အစိုးရငြိမ်းချမ်းရေးကော်မရှင် (PC) ဘက်မှ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) အား NCA တွင် လက်မှတ်ရေးထိုး ပါဝင်လာနိုင်ရေးကို အတတ်နိုင်ဆုံး ဆောင်ရွက်နေသည်ဟု အစိုးရငြိမ်းချမ်းရေးကော်မရှင် (PC) ဒုဥက္ကဋ္ဌ ဦးသိန်းဇော်က The Ladies News သို့ပြောကြားသည်။


အစိုးရငြိမ်းချမ်းရေးကော်မရှင် (PC) ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း ဦးဆောင်သောအဖွဲ့နှင့် ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ (KNPP) ဒုဥက္ကဋ္ဌ ခူးဦးရယ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ ဇူလိုင်လ ၁၂ရက်နေ့က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်ဗဟိုဌာန (၂) ၌ NCA တွင် လက်မှတ်ရေးထိုးနိုင်ရေး ကိစ္စများကို အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ထိုသို့ဆွေးနွေးရာတွင် အစိုးရငြိမ်းချမ်းရေး ကော်မရှင်ဘက်မှ `သူတို့ကို NCA မှာ အချိန်မရွေး ၀င်ရောက် လာနိုင်ပါတယ်။ အချိန်မရွေး လာပါဆိုတာ ရှင်းပြတာပေါ့နော်။ ၀င်တာ မ၀င်တာကတော့ သူ့အဖွဲ့အစည်းအတွင်းမှာ သူတို့ပြဿနာပေါ့၊ ဟုတ်တယ်မဟုတ်လား။ ဒါပေမယ့် ၀င်နိုင်အောင်တော့ ကိုယ်တို့ အတတ်နိုင်ဆုံး အကောင်းဆုံး လုပ်ပေးနေပါတယ်`ဟု ဦးသိန်းဇော်က ပြောကြားသည်။

အဆိုပါတွေ့ဆုံးမှုနှင့် ပတ်သက်ပြီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) မှ ပြောရေးဆိုခွင့်ရှိသူများထံ ဆက်သွယ် မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပေ။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) သည် အစိုးရ၏ ဖိတ်ကြားမှုဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁-ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေး ဖွင့်ပွဲအခမ်းနားသို့ တက်ရောက်ခဲ့သည်။ ထို့ပြင် ညီလာခံတွင် ဆွေးနွေးနေသော NCA တွင် လက်မှတ်ရေးထိုးထားသည့် တိုင်ရင်းသား လက်နက်ကိုင်များ အစုအဖွဲ့ ဆွေးနွေးပွဲသို့လည်း အကြံပြုချက်များ ပေးနိုင်ရန်အတွက် KNPP ကိုယ်စားလှယ်အဖွဲ့အား ဖိတ်ကြားထားခဲ့သည်။

အစိုးရငြိမ်းချမ်ရေး ကော်ရှင် (PC) နှင့် KNPP တို့သည် ပြီးခဲ့သည့် ဧပြီလအတွင်းက NCA တွင် လက်မှတ် ရေးထိုးနိုင်ရန် အတွက် လွိုင်ကော်မြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး NCA တွင် ပါဝင် လက်မှတ်ရေးထိုးရေး ဆက်လက် ဆွေးနွေးသွားမည်ဟု နှစ်ဖက်ပူးတွဲကြေညာချက် ထုတ်ပြန်ထားသည်။

အောင်ရဲနောင်
The Ladies News

0 comments:

Post a Comment