Friday, July 13, 2018

တောဝက်ဘောလုံးအသင်း နည်းပြနှင့် လူငယ် ၂ ဦးကို ထိုင်းနိုင်ငံသား ပေးရန် စီစဉ်


ထိုင်းမြောက်ပိုင်း ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့ရှိ ဒွိုင်နန်းနွန်းဂူကြီးအတွင်း ၁၈ ရက်တာ ပိတ်မိခဲ့တဲ့ တောဝက်အကယ်ဒမီ လူငယ်ဘောလုံးအသင်းဝင် ၁၃ ဦးထဲက ၃ ဦးဟာ နိုင်ငံမဲ့ကလေးတွေ ဖြစ်ကြောင်း သိရှိရတဲ့အတွက် ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက ထိုင်းနိုင်ငံသား ပေးအပ်ဖို့ စီစဉ်နေပါတယ်။

အဆိုပါလူငယ် ၃ ဦးမှာ နည်းပြ ခို့စ်အေခ် ခေါ် နိုင်းအေကဖုန်း ကျန်ထဝုန်း (၂၅ နှစ်)၊ နောင့်တီ ခေါ် နိုင်းဖွန်းချိုင်း ခမ်းလုံ (၁၆ နှစ်) နဲ့ နောင့်အဒွန်းလ် ခေါ် အဒွန်းလ် ဆာမ်အွန် (၁၄ နှစ်) တို့ ဖြစ်ကြပါတယ်။

သူတို့တွေဟာ တိုင်းရင်းသားလူမျိုးစုတွေက မွေးဖွားလာတဲ့ နိုင်ငံမဲ့ကလေးတွေ ဖြစ်ကြောင်း၊ ဒါကြောင့် သူတို့တွေကို တည်ဆဲဥပဒေနဲ့အညီ နိုင်ငံသားပေးအပ်နိုင်ရေး လမ်းကြောင်း ရှာဖွေဖို့ အထက်က ညွှန်ကြားလာတယ်လို့ ထိုင်းပြည်ထဲရေးဝန်ကြီးဌာန မှတ်ပုံတင်ဌာန ညွှန်ကြားရေးမှူးချုပ် နိုင်းဝီနတ် ဆရီဆုခ်က သတင်းထောက်တွေကို ပြောပါတယ်။

၂၀၁၆ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ နိုင်ငံမဲ့သူများဆိုင်ရာ အက်ဥပဒေ ပုဒ်မ  ၇၊ အပိုဒ်၂ အရ မည်သူမဆို ထိုင်းနိုင်ငံမှာ မွေးဖွားပြီး ၁၀ နှစ်ဆက်တိုက် ထိုင်းနိုင်ငံမှာ နေထိုင်ရင်သော် လည်းကောင်း၊ မိခင်၊ သို့ မဟုတ် ဖခင် တယောက်ယောက်က ထိုင်းဖြစ်ရင်သော်လည်းကောင်း၊ မိခင်၊ သို့မဟုတ် ဖခင်က ထိုင်းနိုင်ငံသားအဖြစ် ခံယူထားရင်သော် လည်းကောင်း နိုင်ငံသားအဖြစ် လျှောက်ထားခွင့် ရှိတယ်လို့ ဆိုပါတယ်။

နိုင်ငံသားလျှောက်ထားရာမှာ အသက် ၁၈ နှစ်အောက်ကလေးဆိုရင် မြို့နယ်အုပ်ချုပ်ရေးရုံးမှာ လျှောက်ထားရမှာဖြစ်ပြီး ၁၈ နှစ်အထက်ဆိုရင်တော့ ခရိုင်အုပ်ချုပ်ရေးရုံးထိပါ လျှောက်ထားရမယ်လို့ ဆိုပါတယ်။

ဒါကြောင့် တောဝက်ဘောလုံးအသင်း နည်းပြနဲ့ အဖွဲ့ဝင်တွေ နိုင်ငံသားရရှိဖို့ သူတို့ရဲ့ ကိုယ်ရေးရာဇဝင်အချက်အလက်တွေ ရှာဖွေဖို့ မယ်ဆိုင်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို တဆင့်ပြောထားကြောင်း နိုင်းဝီနတ် ဆရီဆုခ်က ဇူလိုင် ၁၂ ရက်နေ့မှာ  ချနယ်လ် ၃ ထိုင်းတီဗွီသတင်းထောက်ကို ပြောပါတယ်။

အဆိုပါ သတင်းကို ထိုင်းနေရှင်းတီဗွီက ဒီကနေ့ ထပ်မံဖော်ပြရာမှာ တောဝက်ဘောလုံးအသင်းထဲက နိုင်ငံမဲ့သူတွေမှာ နည်းပြ ၁ ဦး နဲ့အဖွဲ့ဝင် ၃ ဦး စုစုပေါင်း ၄ ဦးရှိကြောင်း၊  နည်းပြ ခို့စ်အေခ်မှာ မယ်ဆိုင်ဆေးရုံမှာ မွေးဖွားတဲ့ သက်သေခံလက်မှတ်သာရှိပြီး မွေးစာရင်း မရှိကြောင်း၊ ကျန်တဲ့ လူငယ် ၁၃ ဦးမှာ မယ်ဆိုင်မြို့ ၀ိန်းဖန်ခမ်းရပ်ကွက်ထဲမှာ မွေးဖွားပေမယ့် သူတို့လည်း မွေးလက်မှတ် မရှိကြောင်း၊ ဒါပေမယ့် သူတို့ အမှန်တကယ် ထိုင်းမှာ မွေးဖွားကြောင်း အသိသက်သေတွေရှိရင် နိုင်ငံသားရဖို့ အခက်အခဲမရှိဘူးလို့  ထိုင်းပြည်ထဲရေးဝန်ကြီးဌာန မှတ်ပုံတင်ဌာန ညွှန်ကြားရေးမှူးချုပ် နိုင်ဝီနတ် ဆရီဆုခ်က သည်နေရှင်းတီဗွီ အင်တာဗျူးမှာ ပြောသွားပါတယ်။

လိုဏ်ဂူကြီးထဲ မှောင်မှောင်မည်းမည်း အစာမစားဘဲ ၁၀ ရက်နီးပါး စိတ်ဓာတ်ကြံ့ခိုင်စွာ နေထိုင်နိုင်ခဲ့တဲ့ တောဝက်ဘောလုံးအသင်းဝင် ၁၃ ဦးဟာ လူအများရဲ့ စာနာသနားမှုနဲ့ ချီးမွမ်းမှုကို ခံနေရပြီး ထိုင်းမြောက်ပိုင်း ဗိဿနုလုတ်ခရိုင်နရေ့ဆွန်တက္ကသိုလ်ကလည်း ကလေးတွေသာ သူတို့တက္ကသိုလ်မှာ လာတက်ဖို့ ဆန္ဒရှိတယ်ဆိုရင် ရိုးရိုးဘွဲ့၊ မဟာဘွဲ့၊ ဒေါက်တာဘွဲ့ရတဲ့အထိ ပညာသင် ထောက်ပံ့ကြေးပေးမယ်လို့ ထုတ်ပြန်ထားကြောင်း သည်နေရှင်းသတင်းမှာ ဖော်ပြပါတယ်။

DVB

0 comments:

Post a Comment