Friday, July 13, 2018

ခန္တီးမြို့တွင် စိုက်ထူမည့် ဗိုလ်ချုပ်ကြေးရုပ်ကို ဒေသခံ နာဂလူမျိုးများ ကန့်ကွက်


စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့မှာ စိုက်ထူမယ့် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကို ဒေသခံ နာဂတိုင်းရင်းသားအဖွဲ့အစည်း ၁၀ ဖွဲ့က  ကြေညာချက်ထုတ်ပြန် ကန့်ကွက်လိုက်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ နိုင်ငံရေး ကတိကဝတ်တွေကို အကောင်အထည်ဖော်မယ့်အစား လူမျိုးကြီးဝါဒ လွှမ်းမိုးရေးသဘော သက်ရောက်တဲ့ အမှတ်သင်္ကေတ လွှမ်းမိုးရေး လှုပ်ရှားမှုဖြစ်တဲ့ ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူဖို့ ကြိုးပမ်းတာကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း ထုတ်ပြန်ထားပါတယ်။

နာဂကျောင်းသားနှင့် လူငယ်များအဖွဲ့ချုပ် ဦးဆောင်ကော်မတီဝင် ဦးတောရန်းက “ဒီဒေသမှာ ရှေးပဝေသဏီကတည်းက နေထိုင်လာတဲ့ နာဂလူမျိုးတွေ ရှိတယ်။ ရှမ်းနီ ရှိတယ်။ ကျနော်တို့ အများစု နေထိုင်ကြတဲ့ လူမျိုးတွေ ဖြစ်တယ်ပေါ့နော်။ ဌာနေတိုင်းရင်းသားတွေနဲ့ သေသေချာချာ တိုင်ပင်ညှိနှိုင်းမှု မရှိဘဲနဲ့ တဦးစ နှစ်ဦးစ စုစည်းပြီးလုပ်တာက အလွယ်တွေးတာ ပေါ့နော်။ ဗိုလ်ချုပ်ကြေးရုပ် ဆိုတာက နိုင်ငံရေးနဲ့လည်း အများကြီး ပတ်သက်တဲ့အရာ ဖြစ်တဲ့အတွက်ကြောင့် အောက်ခြေမှာ ကျေကျေလည်လည် ဆွေးနွေးပြီးတော့မှ သဘောတူမှ သဘောမတူဘူး ဆိုရင်လည်း မလုပ်သင့်ဘူးပေါ့။ ဒီလို တဦးစ နှစ်ဦးစ စီစဉ်လုပ်ဆောင်ပြီးတော့မှ ဗိုလ်ချုပ်ကြေးရုပ်ကို စိုက်ထူဖို့ ပြင်ဆင်နေတဲ့အပေါ်မှာ ကျနော်တို့ ကန့်ကွက်တာပါ” လို့ ပြောပါတယ်။

ဗိုလ်ချုပ်ကြေးရုပ်ထားဖို့ ကြိုးပမ်းမှုဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ထိခိုက်တယ်၊ ဗိုလ်ချုပ်ကြေးရုပ်ကို စိုက်ထူခြင်းထက် ဒေသခံ ဌာနေတိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှု၊ သမိုင်းတွေကို လေးစားခြင်း၊ တန်ဖိုးထားခြင်း ဝိုင်းဝန်းမြှင့်တင်ခြင်းတွေ လုပ်ဆောင်မယ်ဆိုရင် အပြန်အလှန် ယုံကြည်မှုကို တိုးမြှင့်လာပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို များစွာ အထောက်အကူပြုမယ်လို့ ကြေညာချက်မှာ ဖော်ပြတယ်။

ခန္တီးမှာ ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူဖို့ ဦးဆောင်လုပ်ကိုင်သူတဦး ဖြစ်တဲ့ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးမောင်တေးကတော့ ဒီကြေးရုပ်ကို စိုက်ထူဖို့ ၂၀၁၇ ကတည်းက တိုင်ပင်လုပ်ဆောင်လာခဲ့တာဖြစ်ပြီး ဒီလို ကန့်ကွက်မှုရှိရင်လည်း ဆက်လက် လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

“သူတို့အနေနဲ့ သူတို့ရဲ့ သဘောထားကို ပြောတာ ဖြစ်မှာပါ။ ကျနော်တို့ကတော့ ၂၀၁၇ ခုနှစ် ၇ လပိုင်း၊ ၂၃ ရက်နေ့ကစပြီး အဲဒီဟာကို အစည်းအဝေး စခေါ်တာလေ။ ခေါ်တဲ့အခါလည်း ယဉ်ကျေးမှုအဖွဲ့တွေ အားလုံး ပါဝင်ခဲ့ကြပါတယ်။ အဲတော့ ပြောချင်တာကတော့ ကန့်ကွက်ရင်လည်း အဲဒီတုန်းက ကန့်ကွက်တာ မဟုတ်ဘူး။ နောက်ဆုံး ဖွင့်ပွဲလုပ်မယ့်ရက်မှာ ကန့်ကွက်တယ် ဆိုတာကတော့ သဘာဝတော့ သိပ်မကျပါဘူး။ အခုလောလောဆယ် ကျနော်တို့ကတော့ ကျနော်တို့ လုပ်စရာရှိတာကိုတော့ လုပ်သွားမှာပဲ။ သူတို့ ကန့်ကွက်တယ် ဆိုတာကလည်း အခုက ပြောသလို လွတ်လပ်စွာ ဝေဖန်ပိုင်ခွင့် ရှိပါတယ်။”

ခန္တီးမြို့က ဗိုလ်ချုပ်ကြေးရုပ်ကို လာမယ့်ဇူလိုင်လ ၂၁ ရက်နေ့ ဖွင့်လှစ်သွားဖို့ ရှိနေတာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူမှုနဲ့ပတ်သက်ပြီး ကယားပြည်နယ် လွိုင်ကော်မြို့မှာလည်း ဒေသခံတွေက ကန့်ကွက်ဆန္ဒပြမှုတွေ ရှိနေပြီး ဆန္ဒပြတဲ့ လူငယ်တချို့ တရားစွဲဆိုခံနေရပါတယ်။

ဓာတ်ပုံ – Wikipedia
DVB

0 comments:

Post a Comment