Tuesday, December 25, 2018

ကချင်ပြည်နယ်ရှိ အဓိကဘိန်းစိုက်ပျိုးသည့် တနိုင်းဒေသ၊ တရုတ်-မြန်မာ နယ်စပ်နှင့် ပူတာအိုတောင်ပိုင်း ဆွမ်ပရာဘွမ်တွင် ဘိန်းစိုက်ပျိုးမှု ယခင်နှစ်ထက် ပိုများနေ



ကချင်ပြည်နယ်တွင် အဓိက ဘိန်းစိုက်ပျိုးသည့် တနိုင်းဒေသ၊ တရုတ်မြန်မာနယ်စပ် နှင့် ပူတာအိုတောင်ပိုင်း ဆွမ်ပရာဘွမ်တွင် ဘိန်းခင်းစိုက်ပျိုးမှုမှာ ယခင်နှစ်ထက်ပိုများနေကြောင်း လွှတ်တော်ကိုယ်စားလှယ်များ နှင့် ဒေသခံများက ပြောကြားသည်။ 
၂၀၁၆-၂၀၁၇ ဘိန်းစိုက်ရာသီတွင် ကချင်မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အဖွဲ့ဝင်များ သောင်းနှင့်ချီပြီး ကွင်းဆင်းတိုက်ဖျက်မှုများ ရှိခဲ့ခြင်းကြောင့် ၂၀၁၇-၂၀၁၈ ခုနှစ် ဘိန်းစိုက်ရာသီတွင် စိုက်ပျိုးမှုလျှော့ကျခဲ့ကြောင်း သိရသည်။ 

မြစ်ကြီးနားမြို့ မူးယစ်ဆေးဝါးတိုက် ဖျက်ရေးအဖွဲ့ (ပက်ဂျဆန်) မှ ဦးတန်ဂွမ်းက “ကြားရတဲ့ သတင်းတွေအရ ဘိန်းစိုက်ပျိုးမှု က ဒေသအလိုက် မနှစ်ကထက်ပိုစိုက်တဲ့ အခြေအနေဖြစ်လာတယ်။ အရင်တုန်းကလို ပုံမှန်ပြန်စိုက်တဲ့ အခြေအနေဖြစ်သွားတာပေါ့။ ခု ကျွန်တော်တို့ အဖွဲ့အနေနဲ့ကတော့ လူထုနဲ့တွေ့ဆုံပြီး ပညာပေးတာတွေကို အဓိကလုပ်ဖို့ ဦးတည်နေပါတယ်” ဟု ပြောကြားသည်။ 

ကချင်ပြည်နယ်တွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများကို လုပ်ဆောင်နေသော်လည်း နယ်မြေလုံခြုံရေးအခြေအနေအရ ဥပဒေမစိုးမိုးနိုင်ခြင်းများရှိနေပြီး သက်ဆိုင်ရာ ဒေသအုပ်ချုပ်ရေးများ အနေဖြင့် အောက်ခြေမှတစ်ဆင့် ဘိန်းစိုက်ပျိုးမှု အခြေအနေကို စာရင်းကောက်ယူခြင်းများ ရှိနေကြောင်း ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ဆိုသည်။ 

၎င်းက “ဘိန်းခင်းတွေ ဖျက်ဆီးတာတွေကတော့ သက်ဆိုင်ရာဌာနတွေနဲ့ ပုံမှန်လုပ်ဆောင်သွားမှာပါ။ သတင်းအချက်အလက်တွေကိုလည်း အောက်ခြေကနေတစ်ဆင့် ကောက်နေပါတယ်။ ကချင်ပြည်နယ်မှာ တရားဥပဒေ စိုးမိုးမှုမရှိတဲ့နေရာတွေကျတော့ ထိန်းချုပ်ဖို့ခက်တယ်” ဟု ဆိုသည်။ 

တနိုင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ဦးဇော်ဝင်းက တနိုင်းဒေသအတွင်း ဘိန်းစိုက်ပျိုးမှုမှာ ပုံမှန်အတိုင်းဖြစ်နေကြောင်း၊ အလုပ်အကိုင်ဖန်တီးနိုင်ရေးအတွက် အစိုးရသစ်လက်ထက်တွင် လယ်မြေဧကပေါင်း ၁၇၀၀ ကျော် ဖော်ထုတ်ခဲ့ကြောင်း၊ ဘိန်းစိုက်ပျိုးမှုမှာ ပုံမှန်အခြေအနေသာဖြစ်ကြောင်း ပြောကြားသည်။ 

၎င်းက “ဘိန်းစိုက်တာကတော့ ဒီဘက်မှာ ပုံမှန်ပါပဲ။ ဘိန်းစိုက်တာက လွယ်တယ်။ အချိန်တိုတယ်။ စပါးလို မပန်းဘူး။ ရိုးရာလည်းဖြစ်နေတယ်။ ပပျောက်ဖို့ကတော့ ခက်တဲ့ကိစ္စလို ဖြစ်နေတာပေါ့” ဟု ပြောကြားသည်။ 

ကချင်ပြည်နယ်တွင် ၂၀၁၁ ခုနှစ် နောက်ပိုင်း တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲများပြန်လည်ဖြစ်ပွားပြီးနောက်ပိုင်း ဘိန်းစိုက်ပျိုးမှု ရုတ်တရက်မြင့်တက်ခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။ 

ဘိန်းဖျက်ဆီးသည့် ဧကများလည်း နှစ်စဉ်တက်လာခဲ့ကြောင်းသိရပြီး ၂၀၁၂-၂၀၁၃ ခုနှစ်ဘိန်းစိုက်ရာသီတွင် ၆၁၈ ဧက၊ ၂၀၁၃-၂၀၁၄ ခုနှစ်တွင် ၄၉၂ ဧက၊ ၂၀၁၄-၂၀၁၅ ခုနှစ်တွင် ၁၃၂၂ ဧက၊ ၂၀၁၅-၂၀၁၆ ခုနှစ်တွင် ဘိန်းစိုက်ဧက ၃၈၀၇ ကျော်၊ ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ၅၅ ဧကကျော် ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။ 

၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၉ ရက် တရုတ်နိုင်ငံနယ်စပ်မှ ဘိန်းခင်းကိစ္စများနှင့် ပတ်သက်၍ ရေတိုရေရှည်စီမံကိန်းများ ရေးဆွဲထောက်ပံ့ရန် ဒုတိယအကြိမ် ကချင်ပြည်နယ် လွတ်တော် ပထမပုံမှန်အစည်းအဝေးတွင် အရေးကြီးအဆိုတင်သွင်းခဲ့ပြီး ယင်းအဆို အောင်မြင့်ခဲ့သော်လည်း အစိုးရဘက်မှ အကောင်အထည်ဖော်မှု မရှိသေးကြောင်း ယင်းအဆိုတင်သွင်းသူ ၀ိုင်းမော်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ဦးနော်လီ (ခ) ဦးဇခေါင်ခန်းရယ်က ဆိုသည်။ ဦးနော်လီက “ကျွန်တော်ကတော့ လာမယ့်လွှတ်တော်မှာလည်း ဒီကိစ္စကို မေးခွန်းအဆို မေးဖို့လုပ်နေပါတယ်” ဟု ပြောကြားသည်။ 

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင်ဒုတိယအများဆုံး ဘိန်းစိုက်ပျိုးသော နိုင်ငံအဖြစ်ရပ်တည်နေပြီး ၁၉၉၉ ခုနှစ်မှ စ၍ မူးယစ်ဆေးဝါးပပျောက်မှု စီမံကိန်း ၁၅ နှစ်ကို ချမှတ်ခဲ့သော်လည်း မအောင်မြင်သဖြင့် နောက်ထပ်ငါးနှစ်ထပ်ပေါင်းပြီး ၂၀၂၀ ပြည့် နှစ်အထိ ငါးနှစ်တိုးမြှင့်ထားသည်။ 

ကချင်ပြည်နယ်တွင် မြို့နယ် ၁၀ မြို့နယ်တွင် ဘိန်းစိုက်ပျိုးမှုများရှိနေပြီး ကန်ပိုက်တည်ဒေသ၊ ဆဒုံးဒေသ ၊ တနိုင်းဒေသ၊ ဖားကန့်ဒေသ၊ ပန်ဝါဒေသ၊ ချီဖွေဒေသ၊ ဗန်းမော်ခရိုင်၊ ဆွမ်ပရာဘွမ်ဒေသနှင့် ပူတာအိုခရိုင်တို့တွင် အများဆုံးစိုက်ပျိုးနေကြောင်း သိရသည်။ 

Eleven Media Group



 

0 comments:

Post a Comment