Saturday, December 1, 2018

တိုင်းရင်းသားဘာသာစာပေ သင်ကြားမည့် နေ့စားလပေး ဆရာ၊ ဆရာမများနှင့် တိုင်းရင်းသားဘာသာသင်များအတွက် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနမှ လျှောက်လွှာ ခေါ်ယူ

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနသည် တိုင်းရင်းသား လူမျိုးများ၏ ပညာရေး တိုးတက်မြင့်မား လာစေရန်ရည်ရွယ်၍ ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း ကာ တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ပညာရေး ဝန်ကြီးဌာန၊ အခြေခံပညာကျောင်းများတွင် တိုင်းရင်း သားဘာသာစာပေ သင်ကြားမည့် နေ့စားလပေးဆရာ၊ ဆရာမများ (Teaching Assistant) နှင့် တိုင်းရင်း သားဘာသာသင် (Language Teacher) များ ခန့်ထားနိုင်ရေး ဆောင်ရွက်လျက် ရှိသည်။ 
တိုင်းရင်းသားဘာသာစာပေ သင်ကြားမည့် နေ့စားလပေး ဆရာ၊ ဆရာမများ (Teaching Assistant) ရာထူးကို လျှောက်ထား လိုသူသည် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုး အသက် (၁၈) နှစ်ပြည့်ပြီး အနိမ့်ဆုံးပညာ အရည်အချင်း (၉)တန်းအောင်မြင်ရန် လိုအပ်ပြီး မြန်မာဘာသာ စကားနှင့် ပြဋ္ဌာန်းထားသည့် သက်ဆိုင်ရာ တိုင်းရင်းသား ဘာသာစကားကို ကျွမ်းကျင်စွာ အရေး၊ အဖတ်၊ အပြော သင်ကြားနိုင်သူဖြစ်ရမည့်အပြင် မူလတန်းအောက်ဆင့် KG ၊ ပထမတန်း၊ ဒုတိယတန်း၊ ကျောင်းသင်ခန်းစာ ပြဋ္ဌာန်းချက်များကို သင်ကြားပေးနိုင်သူဖြစ်ရမည်။ 
တိုင်းရင်းသားဘာသာသင် (Language Teacher) များအတွက် လျှောက်ထားလိုသူသည် အသက်(၁၈)နှစ်ပြည့်ပြီး ပြဋ္ဌာန်းထားသည့် သက်ဆိုင် ရာ တိုင်းရင်းသားဘာသာစကားကို ကျွမ်းကျင်စွာ အရေး၊ အဖတ်၊ အပြောသင်ကြားပေးနိုင်သူ ဖြစ်ရမည်။ 
ရွေးချယ်ခန့်ထားခံရသူသည် ခန့်ထားသည့် ဒေသ ကျောင်းတွင် အနည်းဆုံး (၃)နှစ် ဆက်တိုက် တာဝန် ထမ်းဆောင်နိုင်ရမည်ဖြစ်ပြီး ဒေသခံများကို ခန့်အပ်ခြင်း ဖြစ်သည့်အတွက် နေရာပြောင်းရွှေ့ လျှောက်ထားမှုကို လက်ခံဆောင်ရွက်ပေးမည် မဟုတ်ပါ။ 
လျှောက်လွှာပုံစံများကို တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၏ Facebook Page တွင် Download ရယူ၍လည်းကောင်း၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းဒေသကြီး၊ ပြည်နယ် ညွှန် ကြားရေး မှူး ရုံးများတွင် အခမဲ့ရယူနိုင်ပြီး ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်မှ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၁၈ ရက်အတွင်း အချက်အလက်များ ပြည့်စုံစွာဖြင့် လျှောက်ထားနိုင်ပြီး ဒေသခံတိုင်းရင်းသားများသည် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြား ရေးမှူးရုံးများတွင် လည်းကောင်း၊ နေပြည်တော်တွင်း နေထိုင်သူသည် ညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန (ရုံးချုပ်)သို့ လည်း ကောင်း လျှောက်ထားနိုင် သည်။ လျှောက်လွှာ နှင့်အတူ ခိုင်လုံမှန်ကန်သော ပညာအရည် အချင်း ထောက်ခံချက်၊ ပြစ်မှုကင်းရှင်းကြောင်းထောက်ခံစာ၊ အလုပ်သမားမှတ်ပုံတင်မိတ္တူ၊ နိုင်ငံသားစိစစ်ရေးကတ် မိတ္တူ၊ ဓာတ်ပုံ(၃)ပုံ၊ ကျန်းမာကြောင်း ထောက်ခံချက်၊ သက်ဆိုင်ရာတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့၏ ထောက်ခံချက်များ ပူးတွဲပါရှိရန် လိုအပ်သည်။ 
အသေးစိတ်အချက်အလက်များ သိရှိလိုပါက တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ဖုန်း ၀၆၇-၃၄၀၉၃၁၄၊ ၀၆၇-၃၄၀၉၃၁၅ နှင့် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန တိုင်းဒေသကြီး၊ ပြည်နယ် ညွှန်ကြားရေးမှူးရုံးများတွင် စုံစမ်းနိုင်ပြီး နိုဝင်ဘာ ၃၀ ရက်ထုတ် မြန်မာ့အလင်းသတင်းစာနှင့် ဒီဇင်ဘာ ၁ ရက်ထုတ် ကြေးမုံသတင်းစာများတွင် ကြော်ငြာ၍ လျှောက်လွှာများ ခေါ်ယူ ထားကြောင်း သိရသည်။ 

Credit - MOI 
The Ladies News

0 comments:

Post a Comment